ဖေဖော်ဝါရီလ (၅)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့ (၈)နာရီလောက်မှာ တကြိမ် အသေခံဒရုန်းတွေနဲ့ ဌာနချုပ်နေရာကို တိုက်ခိုက်တာပါ။ အခုထိတော့ ထိခိုက်ပျက်စီးတာကို မသိရသေးဘူး” လို့ ဆိုပါတယ်။
KNU ရဲ့ ဗဟိုဌာနချုပ်ကို နံနက် (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၇)နာရီ (၄၅)မိနစ်မှာ တကြိမ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို နံနက် (၈)နာရီခန့်မှာ အသေခံဒရုန်း (၁)စီး ထပ်မံဝင်လာကာ ပေါက်ကွဲတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်တပ်က KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့နေရာဟာ အရင်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ နေရာတွေဖြစ်ကာ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် အခုလို တိုက်ခိုက်ခံရတာကြောင့် KNU ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ နေအိမ်တွေအနီး ကျရောက်တာတွေရှိတယ်လို့ သိရပေမယ့် KNU ဘက်ကတော့ တရားဝင် ထုတ်ပြန်လာတာ မရှိပါဘူး။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး KNU ဌာနချုပ်ရှိတဲ့ ဘားအံခရိုင်က တပ်မဟာ (၇)နယ်မြေထဲကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဒီကနေ့ဟာ KNU တည်ထောင်တဲ့ (၇၉)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပြီး အဲ့ဒီလို နေ့ထူးနေ့မြတ်တွေမှာ စစ်တပ်က မကြာခဏဆိုသလို တိုက်ခိုက်တာတွေရှိတယ်လို့ သိရပါတယ်။








