Photo – CJ – ခင်ဦးနယ်ရှိ PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။
ရွှေဘို – မြစ်ကြီးနားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်(၃) ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ကာ အလစ်အငိုက် ဝင်တိုက်ခဲ့ခြင်းဖြစ်သဖြင့် ပ.က.ဖ အဖွဲ့ အထိနာခဲ့ရခြင်းဖြစ်သည်။
ဇန်နဝါရီ ၂ရက်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ထနောင်းကိုင်းလေး လမ်းဆုံအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီ (၄) ရက် မနက်ပိုင်းက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း၌ပင် ကြို့ကန်ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော် နှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ပြောသည်။
စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအား ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ ၆ ရက်တိုင် ဝင်ရောက် တပ်စွဲခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူ ရှစ်ဦးအား သတ်ဖြတ်ထားခဲ့ပြီး အိမ်ခြေ ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလတစ်လျှောက် ခင်ဦးမြို့နယ်ရှိ တော်လှန်ရေးရဲဘော်နှင့် ပြည်သူ ၂၅၄ ဦး တိတိ သတ်ဖြတ်ခဲ့ပြီး ကျေးရွာပေါင်း ၅၉ ရွာမှ နေအိမ်ပေါင်း ၂,၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးထားသည်။
MoeZ/ Era’sEyes
REF : PPS