ဖေဖော်ဝါရီလ (၁၃)ရက်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး (၂၄၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လေကြောင်းတိုက်ခိုက်တာကို အများဆုံး ပြုလုပ်ခဲ့သလို ချင်းမြောက်ပိုင်းကိုလဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကိုင်းမှာ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာလဲ လေကြောင်းတိုက်ခိုက်ခံရတာတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတဲ့ ချင်းပြည်မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ ရှိတယ်လို့ MDSI က ပြောဆိုထားပါတယ်။
စစ်တပ်ဟာ အဲ့ဒီကာလထဲ လေကြောင်းတိုက်ခိုက်တာတွေမှာ ဂျက်ဖိုက်တာကို အဓိကအသုံးပြုခဲ့ကာ လူနေကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ/ဆေးပေးခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။








