ဖေဖော်ဝါရီလ (၁၄)ရက်။
ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ဆင်ရေး ဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီ (၃)ဦးဟာ ဒကစ(စစ်တွေ)မှာ စစ်တရားရုံးတင် စစ်ဆေးခံနေရတဲ့ ဘူးသီးတောင်အခြေစိုက် ခလရ(၂၆၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆန်းကျော်သူ၊ ခမရ(၃၅၂)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တိုးဝေမြင့်နဲ့ စကခ(၁၉)က ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ဇင်သန့်တို့ဖြစ်ပါတယ်။
အဲ့ဒီထဲက ဒုဗိုလ်မှူးကြီး ဆန်းကျော်သူကို စစ်တပ်အက်ဥပဒေပုဒ်မ-၃၂(က)၊ ၃၂(ဎ)နဲ့ သေဒဏ်၊ ဒုဗိုလ်မှူးကြီး တိုးဝေမြင့်နဲ့ ကျော်ဇင်သန့်တို့ကို ပုဒ်မ-၃၂(က)နဲ့ ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ (၃)ဦးကို ၂၀၂၄ခုနှစ် မေလက ဘူးသီးတောင်တိုက်ပွဲတွေမှာ AA ရဲ့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့ စကခ(၁၅)မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ ပြဿနာဖြစ်ပွားပြီးနောက် ဒကစ(စစ်တွေ)ကို ဖမ်းဆီးပို့ဆောင်ခံရတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး AA နဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျောက်တောက်တိုက်ပွဲမှာ ဆုတ်ခွာခဲ့တဲ့ ဗျူဟာမှူးအဆင့် (၁)ဦးနဲ့ ဗိုလ်ကြီးအဆင့် (၃)ဦးကိုလဲ စစ်တပ်က သေဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြင်းထန်နေချိန် နောင်ချိုမြို့နယ် သံဘိုရွာစစ်ဆင်ရေးကနေ ဆုတ်ခွာခဲ့တာကြောင့်ဆိုပြီး စစ်တပ်နည်းပညာတက္ကသိုလ် စာပေဌာနက ဒုဗိုလ်မှူးကြီး(ကထိက)တဦးကို ပုဒ်မ-၃၂(က)နဲ့ ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်အက်ဥပဒေ ပုဒ်မ-၃၂(က)ဟာ စစ်ဆင်ရေးတာဝန်ကျနေရာကနေ ဆုတ်ခွာတာ ဒါမှမဟုတ် အခြားတဦးဦးကို ဆုတ်ခွာဖို့ ဖိအားပေးတာ၊ တိုက်တွန်းတာ စတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ပုဒ်မ-၃၂(ဎ)ဟာ အထက်အရာရှိက ပေးအပ်တဲ့ စစ်ဆင်ရေးတာဝန်ကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် စွပ်စွဲတဲ့ပုဒ်မတွေလို့ သိရပါတယ်။








