ဖေဖော်ဝါရီလ (၁၄)ရက်။
မနေ့က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မနေ့က နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ မြင်းခြံရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ရေလယ်ကျွန်းဒေသ ငတရော်ရွာနဲ့ ဝါးဘိုရွာကြားကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလက်နက်ကြီး ပစ်ခတ်တာကြောင့် တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်သူ (၃)ဦး ကျည်စထိမှန်ခဲ့သလို (၁၀)နာရီကျော်အချိန်မှာ လက်နက်ကြီးတလုံး ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် နံနက် (၁၀)နာရီ (၂၀)မိနစ်နဲ့ (၃၀)မိနစ်အချိန်တို့မှာ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ချင်းယားရွာက ပြည်သူ (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
နောက်ပြီး နေ့လယ် (၁၂)နာရီခန့်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး (၁)စီးနဲ့ ကျေးရွာတွေကို အကြောင်းမဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဗုံးသီးတွေကြောင့် မိုးဖြူရွာက နေအိမ် (၁)လုံးနဲ့ ငတရော်ရွာက ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့သလို ဒေသခံအရပ်သား (၁)ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုလို စစ်ကောင်စီတပ်က ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို အကြောင်းမဲ့ ရမ်းကား တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် ရေလယ်ကျွန်းဒေသနေ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။










