ဖေဖော်ဝါရီလ (၁၄)ရက်။
မနေ့က ဖလမ်းမြို့ မဏိပူရမြစ်ဘေးမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ မဏိပူရမြစ်ဘေးမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းတဲ့အချိန် အကြမ်းဖက်စစ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို သိမ်းဆည်းရမိခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်တွေဟာ ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို တက်လာပြီး Sumhrang ရွာဘက်မှာ ခြေကုတ်ယူတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တာလို့ ဖော်ပြထားပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ခဲယမ်းတွေဟာ ၁၂၂မမ ရှော့တိုက်ဒုံး၊ ၁၂၀မမ ဗုံးသီး၊ ဒရုန်းဗုံးသီး၊ ၈၁မမ ဗုံးသီးနဲ့ RPG ဗုံးသီးတွေဖြစ်တယ်လို့ ဒေသထဲသတင်းတွေက ဓါတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး သိုင်းငင်းကနေ ဖလမ်းမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းပူးပေါင်းတပ်တို့ Tuphei နဲ့ Lumbang ရွာအကြား တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ် နေရာယူထားတဲ့ စခန်းကုန်းတခုကို ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားအမျာအပြား ထိခိုက်သေဆုံးခဲ့သလို သေနတ် (၁၁)လက် သိမ်းဆည်းရမိခဲ့ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖလမ်းမြို့ကို စစ်ကူပေးဖို့ ဇန်နဝါရီလ (၂၀)ရက်နေ့မှာ ကလေးမြို့က တက်လာတာဖြစ်ပြီး သိုင်းငင်း-ဖလမ်းကားလမ်းအတိုင်း ချီတက်လာတာပါတယ်။
အခုအခါ အဲ့ဒီစစ်ကြောင်းဟာ Lumbang ရွာနားကို ရောက်ရှိနေပြီး ချင်းပူးပေါင်းတပ်တွေက လမ်းတလျှောက် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။












