ဖေဖော်ဝါရီလ (၁၈)ရက်။
မနေ့က ည (၁၀)နာရီကျော်အချိန်မှာ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade ထံက သိရပါတယ်။
“ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းက ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာထဲကို Yak-130 ဂျက်ဖိုက်တာ (၁)စီးနဲ လေကြောင်းကနေ (၃)ကြိမ် လာတိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာ (၁)စီးနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာထဲက အရပ်သားတွေကို လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၁)ဦး သေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဖြစ်စဉ်ထဲ ကျေးရွာစာသင်ကျောင်း အဆောက်အအုံတွေနဲ့ ပြည်သူပိုင်နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လဲ PDC က ထပ်မံပြောဆိုထားပါတယ်။
စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုန်းကြီးကျောင်းတွေနဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။











