ဖေဖော်ဝါရီလ (၁၉)ရက်။
အခုရက်ပိုင်းမှာ ပုလဲနယ်ထဲကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ဒီ (၂)ရက်ထဲကို နမခကနေ ပုလဲနယ်ထဲ ဗုံးကြဲတာ (၄)ကြိမ်လောက်ရှိတယ်။ စက်တပ်လေထီးတွေကော၊ Gyrocopter တွေနဲ့ပါ ဗုံးပတ်ကြဲတာ” လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ (၁၇)ရက်နဲ့ (၁၈)ရက်တို့မှာ ပုလဲနယ်ထဲကို စစ်တပ်က နမခစစ်ဌာနချုပ်ကနေ စက်တပ်လေထီးတွေ၊ Gyrocopter တွေနဲ့ စုစုပေါင်း (၄)ကြိမ် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပုလဲနယ်ထဲ စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ဂိတ်တွေကို NUG တပ်ရင်းတွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။
နောက်ပြီး ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေ စစ်တပ်ဆီ လက်နက်ချ အလင်းဝင်တယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာလဲ ပုလဲနယ်ထဲ ထပ်မံဗုံးကြဲခဲ့တာပါ။
အဲ့ဒီလို အလင်းဝင်တာမှာ ပုလဲနယ်ထဲရှိ ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့ လာကယ်ထုတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
ဒါ့အပြင် စစ်တပ်ဘက် ပူးပေါင်းသွားတာကြောင့် ဗိုလ်နဂါးနဲ့ ဆက်စပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ကျေးရွာတွေ လုံခြုံရေးသတိထားကြဖို့ ဒေသတော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








