ဖေဖော်ဝါရီလ (၁၉)ရက်။
ယင်းမာပင်ခရိုင်ရှိ BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေ လက်နက်တွေ လာအပ်နှံဖို့ ခရိုင်ပကဖက ဒီကနေ့မှာ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
အဲ့ဒီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖအဖွဲ့တွေဆီ ချိတ်ဆက်ပြီး ကိုင်ဆောင်တဲ့ လက်နက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကို လာအပ်နှံဖို့ အကြောင်းကြားတာလို့ ဆိုပါတယ်။
BNRA အဖွဲ့က ထုတ်ပေးတဲ့ လက်နက်တွေကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဖျောက်ဖျက်တာနဲ့ ဖျက်ဆီးတာတွေ မလုပ်ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်တဲ့အခါ ပြင်းထန်စွာ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။
နောက်ပြီး ရပ်ကျေး၊တိုက်နယ် ပကဖ/ပအဖတွေအနေနဲ့ နယ်မြေထဲ အခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေရှိရင် ခရိုင်/မြို့နယ် ပကဖတာဝန်ခံတွေနဲ့ ချိတ်ဆက်ဖို့ အကြောင်းကြားထားပါတယ်။
ခရိုင်ပကဖရဲ့ အမိန့်ကြေညာစာကို ပကဖရုံးချုပ်၊ စစ်ကိုင်းတိုင်းပကဖရုံး၊ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ် ပကဖ/ပအဖတွေဆီ ပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ပုလဲနယ်ထဲ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ရာမှာ NUG ခရိုင်တပ်ရင်းတွေနဲ့ နှစ်ဖက် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနောက် BNRA တပ်ဖွဲ့ဝင်တွေကို ဖမ်းမိတာတွေရှိခဲ့ပြီး တပ်ဖွဲ့ဝင် (၁၅၀)ခန့် အလင်းဝင်တာ၊ ပူးပေါင်းတာနဲ့ လက်နက်အပ်တာတွေ ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် BNRA ကို ဦးဆောင်တဲ့ ဗိုလ်နဂါးဟာ စစ်တပ်ဘက်ကို လက်နက်အပ် အလင်းဝင်သွားတာကြောင့် နယ်မြေလုံခြုံရေးတွေ အထူးသတိထားကြဖို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








