ဖေဖော်ဝါရီလ (၂၀)ရက်။
ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက် (၅)နာရီခွဲအချိန်မှာ အထူးတပ်ဖွဲ့နဲ့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲစတင်ချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချခဲ့ကာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ည (၇)နာရီအချိန်မှာ စစ်တပ်ရဲ့ ရေတပ်က လက်နက်ကြီး (၇)လုံးခန့် ပစ်ခတ်ခဲ့ရာ ထိခိုက်တာမရှိဘဲ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက် (၈)နာရီ (၂၃)မိနစ်အချိန်မှာ စခန်းကို အပိုင်စီးမိပြီး နယ်မြေရှင်းလင်းခဲ့တယ်လို့ ရေးသားထားပါတယ်။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ထိခိုက်တာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၃)ဦးသေဆုံးပြီး (၃)ဦး အပြင်းအထန်ဒဏ်ရာရခဲ့သလို ၆၀မမ တာဝေးဗုံးသီး (၁၀)လုံးနဲ့ အီတာဂါ (၂)လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
KNLA အထူးတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် စစ်ကောင်စီအဖွဲ့ကို အခွင့်အရေးရတာနဲ့ အမြဲ တိုက်ခိုက်သွားမှာဖြစ်တာကြောင့် စစ်တပ်နေရာနဲ့ အနီးတဝိုက်မှာ မနေကြဖို့ ပြည်သူတွေကို အသိပေးထားတယ်လို့ သိရပါတယ်။









