ဖေဖော်ဝါရီလ (၂၁)ရက်။
မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA လေကြောင်းလိုင်းရဲ့ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ လေယာဉ်ရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ထည်အလယ်ပိုင်းအပြင် နောက်မီးပိုင်းတွေ ဗုံးစထိမှန်ပြီး အနည်းငယ်ပျက်စီးခဲ့ကာ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်တာမရှိဘူးလို့ ဖော်ပြထားပါတယ်။
အခုလိုတိုက်ခိုက်ခံရတဲ့အပေါ် စစ်တပ်က KIA နဲ့ PDF တို့ ပြုလုပ်တာဆိုပြီး စွပ်စွဲထားပါသေးတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုအပ်တဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ထိရောက်ပြင်းထန်တဲ့ တုန့်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒီလိုတိုက်ခိုက်ခံရတာကြောင့် လေကြောင်းလိုင်းကို (၃)လနီးပါးကြာ ရပ်နားသွားမယ်လို့ ဒေသထဲသတင်းတွေက ရေးသားထားကြပါတယ်။
ဒါ့အပြင် မနေ့က တရက်ထဲမှာပဲ ညသန်းခေါင်အချိန် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကမ်းနားလမ်းဘက်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။








