ဖေဖော်ဝါရီလ (၂၁)ရက်။
ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ဒေသထဲနဲ့ အပြင်ဖက်မှာ နေထိုင်တဲ့ ချင်းလူမျိုးအပါအဝင် အခြားမျိုးနွယ်စု လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက ရှည်လျားတဲ့သမိုင်းကြောင်း၊ ပြောင်းလဲလို့မရတဲ့ ပထဝီကြော တည်ရှိတဲ့ အနေအထားတွေမှာ အတူမှီတင်းနေထိုင်ခဲ့တဲ့ “ အာရက္ခညီအကိုမောင်နှမရင်းချာတွေ” နဲ့ “ အိမ်နီးချင်း ညီအကိုမောင်နှမတွေ” ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲ့ဒီလူမျိုးနှစ်မျိုးအပါအဝင် အခြားလူမျိုး၊ မျိုးနွယ်စုတွေဟာ စစ်အာဏာရှင်တွေရဲ့ စနစ်တကျ သွေးခွဲအုပ်ချုပ်တဲ့အောက်မှာ တမြေထဲ အိမ်နီးနားချင်း အတူယှဉ်တွဲနေထိုင်ရပေမယ့် ညီအကိုမောင်နှမစိတ်ဓါတ်တွေ ပျောက်ကွယ်ပြီး နှစ်ဖက်ဆက်ဆံရေး အေးခဲကာ ရန်သူအလိုကျ ဖြစ်နေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ AA ရဲ့ စစ်ဆင်ရေးရလဒ်တွေ၊ အောင်မြင်မှု အသီးအပွင့်တွေဟာ ရခိုင်ဒေသ အထဲ၊ အပြင်နဲ့ အိမ်နီးနားချင်းရှိ လူမျိုးပေါင်းစုံတွေအနေနဲ့ စစ်အာဏာရှင်စနစ်အရိပ်အောက်ကနေ လွတ်မြောက်မှုနဲ့အတူ လွတ်လပ်တဲ့ဒေသ၊ လွတ်လပ်တဲ့လူမျိုးတွေအနေနဲ့ ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အခုလိုအခြေအနေကောင်းဆီ ရောက်ရှိလာစေဖို့အတွက် အာရက္ခအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို ဒီကနေ့အချိန်အထိ ဇွဲလုံ့လအပြည့်နဲ့ မရပ်မနား တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အကျိုးရလဒ်တွေဖြစ်ပြီး ရရှိထားတဲ့ လွတ်လပ်မှုတွေ မဆုံးရှုံးစေဖို့ အားလုံး စုပေါင်းကာကွယ်ဖို့ ပြောဆိုထားပါတယ်။
နောက်ပြီး ချင်းလူမျိုးတွေ၊ ချင်းမျိုးနွယ်စုတွေအနေနဲ့ အမျိုးသားတန်းတူရေးနဲ့အတူ အာရက္ခတိုင်းပြည်တည်ဆောက်ဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အတူပါဝင်တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အာရက္ခဒေသ၊ အိမ်နီးချင်းနဲ့ နိုင်သံအနှံက ချင်းညီအကိုတွေအနေနဲ့လဲ အချင်းချင်းကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုတွေကို တန်ဖိုးထားဖို့ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။








