ဖေဖော်ဝါရီလ (၂၄)ရက်။
လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
နောက်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နေပြည်တော်မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ တည်းခိုနေထိုင်မယ့် နေရာတွေနဲ့ပတ်သက်ပြီးလဲ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အစည်းအဝေးတက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာနဲ့ ကြံ့ခိုင်ရေးပါတီရုံးချုပ်တို့မှာ စီစဉ်ထားသလို တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် အမှတ်(၃)စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း(ရွာထော်)တို့မှာ နေထိုင်ဖို့ ညွှန်ကြားထားပါတယ်။
လွှတ်တော်အစည်းအဝေးတက်မယ့် ကိုယ်စားလှယ်တွေကို စစ်ကော်မရှင်က ဖိတ်စာတွေ ပေးပို့ထားပြီးဖြစ်ကာ အစည်းအဝေးမတိုင်ခင် သတင်းပို့ကြဖို့ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီလတို့မှာ အပိုင်း (၃)ပိုင်းခွဲပြီး ကျင်းပပြုလုပ်ခဲ့ကာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အများဆုံး အနိုင်ရရှိခဲ့ပါတာပါ။
ဒါပေမယ့် စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ထွက်ပေါ်လာမယ့် အစိုးရအဖွဲ့ကို ဟန်ပြအဖွဲ့အနေနဲ့ သတ်မှတ်ထားပါတယ်။
ဒီလို စစ်ကော်မရှင်က သူတို့အာဏာတည်မြဲဖို့အတွက် ရွေးကောက်ပွဲ ကျင်းပတာနဲ့ လွှတ်တော်ခေါ်ယူတာဟာ နိုင်ငံထဲ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုရှုပ်ထွေးစေတယ်လို့ သုံးသပ်ထားချက်တွေအရ သိရပါတယ်။








