ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို
ဖေဖော်ဝါရီလ (၂၇)ရက်။
မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနက် (၁၁)နာရီလောက်ကစပြီး ညပိုင်း (၁၀)နာရီ (၁၅)မိနစ်အထိ တံတားဦးလေတပ်၊ မကွေးလေတပ်၊ အေလာလေတပ်၊ မြစ်ကြီးနားလေတပ်နဲ့ ဟုမ္မလင်းလေတပ်တွေကနေပြီး Y-12 ဗုံးကြဲလေယာဉ်တွေကော ဂိုင်ရိုကော်ပတာတွေကော ဂျက်ဖိုက်တာတွေကောနဲ့ အကြိမ် (၅၀)ကျော် လေကြောင်းတိုက်ခိုက်သွားတာ၊ ဟော်ဇောင်းရွာဈေးတန်းက ပင်လယ်ဘူးနဲ့ ဖောင်းပြင်ကားလမ်းပေါ်ရှိတာ” လို့ ဆိုပါတယ်။
ပင်လယ်ဘူးနဲ့ ဖောင်းပြင်ကားလမ်းပေါ်ရှိ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က Gyrocopter တွေနံ့ Y-12 တွေအပါအဝင် ဂျက်ဖိုက်တာ စုစုပေါင်း (၁၉)စီးခန့်နဲ့ လေကြောင်းကနေ အကြိမ် (၅၀)ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဟော်ဇောင်းရွာဈေးတန်းကို တနေကုန် စစ်တပ်က လေကြောင်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူမဆန်စွာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PDC က ပြောဆိုထားပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဈေးဆိုင်ခန်းတွေ မီးလောင်ထိခိုက်ပျက်စီးခဲ့ပြီး အများအပြား ဆုံးရှုံးခဲ့သလို အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဖြစ်စဉ်ထဲ အရပ်သားထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘဲ ဒေသခံအများအပြား အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို အဆတ်မပြတ် ဗုံးကြဲသတ်ဖြတ်နေတာဟာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ PDC ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။








