ဖေဖော်ဝါရီလ (၂၇)ရက်။
ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
“ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်” လို့ ဆိုပါတယ်။
အဲ့ဒီကံတလူတိုးဂိတ်ကို စစ်တပ်က အင်အား (၅၀)ခန့်နဲ့ လုံခြုံရေးယူထားတဲ့ကြားက ပြောက်ကျားတပ်ဖွဲ့က ဒရုန်းနဲ့ ၄၀မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဗုံးသီးတွေဟာ စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ဘန်ကာအနီးကို ကျရောက်ပေါက်ကွဲခဲ့သလို စစ်တပ်ရဲ့ ရွှေတောင်ရုံးဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာရှိနိုင်တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ် အခြေအနေကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာမရှိပါဘူး။
ကံတလူစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလပိုင်းတုန်းက ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖေညက်ခွဲဖျက်ဆီးခဲ့တာကြောင့် ရက်အတော်ကြာ ငွေကြေးကောက်ခံတာ ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် တိုးဂိတ်က တာဝန်ရှိသူတွေဟာ မကြာသေးခင်က စစ်တပ်နဲ့ ညှိနှိုင်းပြီး ဝန်ထမ်းတွေကို လုံခြုံရေးယူပေးတာကြောင့် စစ်တပ်နဲ့ ပူးပေါင်းကာ အဓမ္မ ဆက်ကြေးကောက်ခံနေတာပါ။
ဒါ့ကြောင့် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ အဖွဲ့တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








