CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက်
ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည် အရက်သောက်ထားပြီး ရန်လိုလာခဲ့သည်။
“အဲဒီနောက် သူ ကျွန်မကို စပြီး လည်ပင်းညှစ်တော့တာပဲ။ သူကိုယ်တိုင်တောင် သူလုပ် လိုက်တဲ့ အလုပ်အတွက် ကြောက်လန့်သွားတယ်” ဟု အလီစာက CNN ကို ပြောပြသည်။
ဘေးကင်းလုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် အမည်လွှဲ အသုံးပြု ရန် တောင်းဆိုထားသည့် အလီစာက “တကယ်လို့ သူသာ စစ်သားတစ်ယောက်မဟုတ်ရင် ကျွန်မ ဒါကို သည်းခံနေမှာမဟုတ်ဘူး။ ဒါက သူ့အမှားမဟုတ်ဘူး၊ သူ့ဘေးမှာ ကျွန်မရှိနေ ပေးဖို့ လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောခဲ့မိတယ်။ တစ်ယောက်ယောက်က သူတို့ကို စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်စေတဲ့အရာတွေကို မြင်ခဲ့ရလို့ ဆိုပြီးတော့ သူတို့ကို ပစ်မထား သင့်ဘူးလေ၊ သူတို့က အကူအညီပဲ လိုနေတာ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
သို့သော် အခြေအနေများက ပိုမိုဆိုးရွားလာခဲ့သည်။ သူမ၏ခင်ပွန်း ရှေ့တန်းမှ အိမ်ပြန် လာသည့် အကြိမ်တိုင်းတွင် ပို၍ ရန်လိုလာပြီး ပို၍ အကြမ်းဖက်လာခဲ့သည်။
အလီစာ၏ ဇာတ်လမ်းသည် တစ်ဦးတည်းသော ဖြစ်ရပ်မဟုတ်ပါ။ နိုင်ငံအများအပြားမှာ ကဲ့သို့ပင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက အကြောင်းမဲ့ အလုံးစုံကျူးကျော်စစ် မစတင်မီကတည်းက ယူကရိန်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် ပြဿနာတစ်ခု ဖြစ်နေခဲ့သော်လည်း၊ လေးနှစ်ကျော်ကြာလာသော စစ်ပွဲသည် ထိုအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်ခုအရ ယူကရိန်းအမျိုးသမီး သုံးပုံနှစ်ပုံသည် အသက် ၁၅ နှစ်အရွယ်မှစ၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို ကြုံတွေ့ခဲ့ရဖူးကြောင်း ဖော်ပြထားသည်။
ယူကရိန်းသည် ပိုမိုပြင်းထန်သော ဥပဒေများကို ပြဋ္ဌာန်းခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာ အစ္စတန်ဘူလ် ကွန်ဗင်းရှင်း (Istanbul Convention) ကို အတည်ပြုခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုအချို့ ရှိခဲ့သည်။ သို့သော် ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) က ယမန်နှစ်တွင် သတိပေးခဲ့သည်မှာ စစ်ပွဲကြောင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ “ ဆယ်စုနှစ် များစွာ ကြိုးပမ်းလာခဲ့သော တိုးတက်မှုများ နောက်ပြန်ဆုတ်သွားခဲ့သည်” ဟူ၍ ဖြစ်သည်။
ယူကရိန်းတွင် လုပ်ကိုင်နေသော ကျွမ်းကျင်သူများက သူတို့ ကိုင်တွယ်နေရသည့် အမှုအရေအတွက် မြင့်တက်လာကြောင်း CNN ကို ပြောကြားခဲ့သည်။
နိုင်ငံတကာ လူ့အခွင့်အရေး အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် La Strada ၏ ယူကရိန်းဌာနခွဲသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှု ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှုများမှာ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မှတ်တမ်းတင်ထားသည်။
HealthRight International ၏ နိုင်ငံဆိုင်ရာ တာဝန်ခံနှင့် အမျိုးသမီးခိုလှုံရာနေရာများနှင့် အကူအညီပေးရေး ဖုန်းလိုင်းများကို လုပ်ဆောင်နေသော ယူကရိန်းပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း၏ အကြီးအကဲ ဟာလီနာ စကီပယ်စကာ (Halyna Skipalska) က ယူကရိန်းရှိ လူတိုင်းသည် လေးနှစ်ကျော်ကြာအောင် နာတာရှည် စိတ်ဖိစီးမှုများနှင့် နေထိုင်နေရကြောင်း ပြောကြားခဲ့သည်။
“ဒါက လူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိတယ်။ အချို့က အကူအညီ တောင်းကြပေမဲ့ အချို့ကတော့ မတောင်းကြဘူး။ စီးပွားရေး မတည်ငြိမ်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ အရက်နဲ့ တခြားစွဲလမ်းစေတဲ့အရာတွေ၊ မျှော်လင့်ချက်မဲ့သလို ခံစားရတာတွေ စတဲ့ အချက်ပေါင်းများစွာ ရှိနေပါတယ်” ဟု သူမက ဆိုသည်။
“ဒီအချက်တွေအားလုံးက အိမ်တွင်းအကြမ်းဖက်မှုဆီ ဦးတည်သွားနိုင်တယ်ဆိုတာ လျှို့ဝှက် ချက်မဟုတ်ပါဘူး” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
မိမိတို့၏ ရန်လိုမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရသော စစ်သားများအပါအဝင် စစ်ဘက်မိသားစု များ ထံမှ အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှုများ ပိုမိုများပြားလာကြောင်း ကိယက်ဗ် မြို့တော် ကျားမတန်းတူညီမျှရေး၊ အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်း ရေး စင်တာ၏ အကြီးအကဲ တယ်တယာနာ ဇိုတိုဗာက ပြောကြားခဲ့သည်။
ယင်းမှာ လွန်ခဲ့သော လေးနှစ်အတွင်း ယူကရိန်းစစ်တပ်၏ အင်အားသည် သုံးဆကျော် မြင့်တက်လာခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သော်လည်း၊ နိုင်ငံအများအပြားရှိ သုတေသနများအရ အိမ်တွင်းအကြမ်းဖက်မှုသည် သာမန်ပြည်သူများထက် စစ်ဘက်မိသားစု များတွင် ပိုမိုအဖြစ်များကြောင်း ပြသနေသည်။
“စိတ်ဒဏ်ရာရနေတဲ့သူ အရေအတွက်က တိုးလာနေတယ်။ သူတို့ဟာ ရှေ့တန်းစစ်မျက်နှာမှာ အရပ်သားဘဝနဲ့ လုံးဝမတူတဲ့ လက်တွေ့ဘဝတစ်ခုကို မြင်တွေ့ခဲ့ရသူတွေပါ” ဟု ဇိုတိုဗာက ပြောသည်။
စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုဝေဒနာ (PTSD)၊ အကြမ်းဖက်မှုနှင့် ထိတွေ့ရခြင်း၊ ဦးနှောက် ထိခိုက် ဒဏ်ရာရခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်စွဲခြင်း၊ စီးပွားရေးအခက်အခဲနှင့် ဘဝတစ်ခု လုံးကို ပြောင်းလဲစေသည့် ဒဏ်ရာရရှိမှုများ အားလုံးသည် အိမ်တွင်းအကြမ်းဖက်မှုနှုန်း မြင့်တက်လာခြင်းနှင့် ဆက်စပ်နေသည်။
သို့သော် ဤအကြောင်းအရာသည် လူပြောမထွက်ဝံ့သည့် တားမြစ်ချက် (Taboo) တစ်ခု အဖြစ် ရှိနေဆဲဖြစ်သည်။
‘ခင်ဗျား ကျေးဇူးတင်သင့်တယ်’
စစ်ပွဲသည် ယူကရိန်းပြည်သူများအပေါ် ရင်နာစရာကောင်းသော သက်ရောက်မှုများ ရှိခဲ့သည်။ အစိုးရက တရားဝင် ကျဆုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိသော်လည်း မကြာသေးမီက သုတေသနပြုချက်များအရ ယူကရိန်းအတွက် တိုက်ပွဲဝင်နေသူပေါင်း တစ်သိန်း (၁၀၀,၀၀၀) မှ တစ်သိန်းလေးသောင်း (၁၄၀,၀၀၀) ကြား သေဆုံးခဲ့ရသည်ဟု ခန့်မှန်းထားသည်။
“စစ်သားတိုင်းက အိမ်မှာ အာဏာရှင် ဖြစ်မှာမဟုတ်ပါဘူး” ဟု ဇိုတိုဗာက အလေးပေး ပြောကြားသော်လည်း၊ သူတို့၏ ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများကို လူအများက အသိအမှတ်ပြုထားကြသောကြောင့် စစ်မှုထမ်းများ ကျူးလွန်သည့် အိမ်တွင်းအကြမ်းဖက်မှု အကြောင်းအရာသည် “အလွန်၊ အလွန်ကို ထိရှလွယ်သော” ကိစ္စဖြစ်နေသည်။ နစ်နာသူများသည် တိုင်ကြားရန် ဝန်လေးကြသလို ပတ်ဝန်းကျင်ထံမှ အကူအညီရရှိရန်လည်း အခွင့်အလမ်းနည်းပါးသည်။
“ကျူးလွန်သူဟာ သူရဲကောင်းတစ်ယောက်၊ စစ်သားတစ်ယောက် ဖြစ်နေတာကြောင့် သူ့ကို အပြစ်ပေးလို့မရဘူးလို့ ယုံကြည်နေကြတာတွေရှိသလို အာဏာပိုင်တွေအပေါ် မယုံကြည်မှု တွေ လည်း အများကြီး ရှိနေပါတယ်” ဟု သူမက ပြောကြားပြီး သူမ၏ ဌာနအနေဖြင့် ဤပြဿနာနှင့် ပတ်သက်၍ အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဆိုသည်။
အိုဟာ (Olha) သည် ဤအခြေအနေကို ကောင်းစွာ သိရှိသူဖြစ်သည်။ သူမ၏ခင်ပွန်းက ပိုမိုပြင်းထန်စွာ အကြမ်းဖက်နေစဉ်အတွင်း ရဲကို ဖုန်းဆက်ခေါ်ခဲ့သော်လည်း ရဲများက သူမအား ခင်ပွန်းကို ဒီထက်ပိုကောင်းအောင် ဆက်ဆံသင့်ကြောင်း ပြောကြားခဲ့သည်။
“သူက ဒဏ်ရာရထားတဲ့ စစ်သားတစ်ယောက်ပါ။ ရဲတွေက သူ့ကို ဘာမှမလုပ်တဲ့အပြင် ကျွန်မကိုပဲ သတင်းမှားတိုင်ကြားမှုနဲ့ ဒဏ်ရိုက်ခဲ့တယ်” ဟု အိုဟာက CNN ကို ပြောပြသည်။
သူမ၏ မျိုးရိုးအမည်ကို အသုံးမပြုရန် တောင်းဆိုထားသည့် အိုဟာက သူမ၏ခင်ပွန်းနှင့် အတူနေထိုင်ခဲ့သည့် နောက်ဆုံးလအနည်းငယ်အတွင်း ရဲကို အကြိမ်ပေါင်းများစွာ ဖုန်းဆက် ခဲ့ကြောင်း ပြောသည်။ “ကျွန်မရဲ့ ခေါ်ဆိုမှုအချို့ကို သူတို့ လုံးဝ မတုံ့ပြန်ခဲ့ဘူး။ အကြိမ်အနည်းငယ်တော့ သူတို့လာခဲ့ကြပေမဲ့ ဘာမှမလုပ်ပေးခဲ့ပါဘူး။ အဲဒီနောက် တစ်ကြိမ် မှာတော့ နောက်ဆုံးမှာ အိမ်တွင်းအကြမ်းဖက်မှုကို မှတ်တမ်းတင်ပေးခဲ့ပြီး ကျွန်မနဲ့ ခင်ပွန်းကို စိတ်ပညာရှင်နဲ့ လူမှုဝန်ထမ်းဌာနဆီ အတူတူ ပို့ပေးခဲ့တယ်” ဟု သူမက ဆိုသည်။
ရဲတပ်ဖွဲ့ကို တာဝန်ယူရသည့် ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနထံ CNN က အိမ်တွင်း အကြမ်းဖက်မှု တိုင်ကြားချက်များအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုခဲ့သည်။
သို့သော် ရဲများဝင်ရောက်စွက်ဖက်ပြီးနောက် ခင်ပွန်းဖြစ်သူ အကူအညီရယူလိုသည့်စိတ်မှာ ခဏတာသာ ဖြစ်ခဲ့ကြောင်း အိုဟာက ဆိုသည်။ မကြာမီမှာပင် ဘဝသည် နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
“သူ အရက်သောက်ပြီဆိုရင် အခြေအနေက တဖြည်းဖြည်း ပြင်းထန်လာတော့မယ်ဆိုတာ ကျွန်မ သိနေပြီ။ အဲဒီနောက် နှစ်ရက် သုံးရက်လောက်ကတော့ တကယ့်ကို ဆိုးဆိုးရွားရွား ပါပဲ… အဲဒီနောက်မှာတော့ သူက ကျွန်မကို အရမ်းချစ်လို့၊ သဝန်တိုလို့ ရိုက်တာပါ၊ ဘယ်အမျိုးသမီးကိုမှ ဒီလောက် မချစ်ဖူးဘူးလို့ ပြောပြီး ကျွန်မရှေ့မှာ ဒူးထောက်ငို တတ်တယ်” ဟု သူမက ပြောသည်။
သူမ၏ခင်ပွန်းသည် နာကျင်မှုပျောက်ဆေးများကို ကိုယ်ပိုင်သဘောဖြင့် သောက်သုံးနေပြီး အရက်ကို အလွန်အကျွံသောက်ကာ သူမအပေါ် ရန်မူခဲ့သည်။ သို့သော်လည်း သူမသည် ခင်ပွန်း၏ အပြုအမူများကို ရှေ့တန်းတွင် သူခံစားခဲ့ရသည့် စိတ်ဒဏ်ရာများကြောင့်ဟု ဆိုကာ အမြဲတမ်း ဆင်ခြေပေးခဲ့သည်။
“သူ့မှာ အဲဒီမှာ ကြောက်စရာကောင်းတာတွေ ကြုံခဲ့ရတယ်။ သေလုမျောပါး ဖြစ်နေတဲ့ အခြေအနေနဲ့ တောထဲမှာ နှစ်ရက်လောက် တွားသွားခဲ့ရတယ်။ သူ အဲဒီကနေ တကယ် ပြန်မကောင်းလာခဲ့ဘူး၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ဘယ်တော့မှ အကောင်း ပကတိ ပြန်မဖြစ်လာတာကို ကျွန်မ မြင်နေရတယ်” ဟု သူမက ဆိုသည်။
အဲဒီနောက် တစ်နေ့မှာတော့ သူဟာ သူမကို သတ်ဖို့အထိ ကြိုးစားခဲ့သည်။
“သူ တကယ်ကို စိတ်ဆိုးပြီး ကျွန်မခေါင်းကို အိတ်နဲ့စွပ်၊ နားရွက်တွေကို လှီးဖြတ်ပစ်ချင် နေခဲ့တာ။ ဒါက တကယ့်ကို ရူးသွပ်မှုပါပဲ။ သူ ကျွန်မခြေထောက်ကို တူနဲ့ထုရိုက်ဖို့ ကြိုးစားတယ်၊ ဓားနဲ့ အာလူးနွှာတဲ့ဓားနဲ့ ထိုးဖို့ ကြိုးစားတယ်။ သူ ကျွန်မကို လွှတ်ပေး လိုက်တဲ့အချိန်မှာ ကျွန်မ ထွက်ပြေးခဲ့တာ” ဟု သူမက ဆိုသည်။
သူမသည် အာဏာပိုင်များက ဖွင့်လှစ်ထားသည့် “ invincibility point” (ရုရှား၏ ဗုံးကြဲမှု ကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ပြည်သူများ နွေးနွေးထွေးထွေး နေထိုင်နိုင်ပြီး ဖုန်းအားသွင်းနိုင်သည့် အများပြည်သူဆိုင်ရာနေရာ) သို့ ထွက်ပြေးခဲ့သည်။
“သူတို့က လူနာတင်ကားနဲ့ ရဲကို ခေါ်ပေးခဲ့တယ်” ဟု သူမက ဆိုသည်။ အာဏာပိုင်များသည် သူမအတွက် ကိယက်ဗ်မြို့ရှိ အမျိုးသမီးခိုလှုံရာစခန်းတစ်ခုတွင် နေရာရှာပေးခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ၏စကားကို တစ်စုံတစ်ယောက်က နားထောင်ပေးခဲ့သည်။
ဆံပင်ကို ကျစ်ဆံမြီးရှည် ကျစ်ထားသော ထိုအမျိုးသမီးငယ်လေးသည် လူနေတိုက်ခန်း တစ်ခုအတွင်းရှိ လျှို့ဝှက်နေရာတစ်ခုတွင် CNN နှင့် စကားပြောခဲ့သည်။ သူမ ထိုနေရာတွင် ဘေးကင်းပါသည်။ တံခါးများကို သော့ခတ်ထားပြီး ပြတင်းပေါက်များတွင် သံတိုင်များ တပ်ဆင်ထားကာ ဝင်ပေါက်တွင်လည်း CCTV ကင်မရာကို အမြဲတမ်း တပ်ဆင်ထားသည်။
အကူအညီတောင်းရန် အလွန်ကြောက်လန့်နေကြခြင်း။
အိမ်တွင်းအကြမ်းဖက်မှု၏ ကြောက်မက်ဖွယ် သံသရာမှ လွတ်မြောက်ရန် မည်သည့်နစ်နာသူ အတွက်မဆို ခက်ခဲလှပါသည်။ သို့သော် စစ်ပွဲသည် ယူကရိန်းအမျိုးသမီးများအတွက် အကူအညီတောင်းခံရန် ပို၍ပင် ခက်ခဲစေခဲ့သည်။
ယူကရိန်းသည် ၂၀၂၄ ခုနှစ်တွင် အသက် ၁၈ နှစ်မှ ၆၀ ကြား အမျိုးသားအားလုံး စစ်မှုထမ်းရန် စာရင်းသွင်းရန်နှင့် အသက် ၂၅ နှစ်မှ ၆၀ ကြား အမျိုးသားများကို စစ်ထဲဝင်ရန် လိုအပ်သည့် ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် လူအများအပြားက ထိုဥပဒေကို လျစ်လျူရှုထား ကြသည်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ လက်ရှိတွင် ယူကရိန်းနိုင်ငံသား ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေသဖြင့် “ အလိုရှိ” ခံနေရသည်။ ထို့အပြင် စစ်သား ၂ သိန်းခန့်မှာလည်း ခွင့်မဲ့ပျက်ကွက်နေကြသည်။ အချို့မှာ ပြည်ပသို့ ထွက်ပြေးသွားသော်လည်း အများအပြားမှာ ယူကရိန်းတွင်သာ ရှိနေပြီး အဖမ်းမခံရစေရန် ပုန်းရှောင်နေကြသည်။
“ဒီအမျိုးသားတွေက အိမ်မှာပဲ နေကြတယ်။ အပြင်ထွက်ရင် ရဲဖမ်းမှာစိုးလို့ အပြင်မထွက်နိုင် ကြဘူး။ ဒါကြောင့် သူတို့မှာ စိတ်ဖိစီးမှုတွေ အရမ်းများနေပြီး အရက်စွဲတာနဲ့ အကြမ်းဖက် တာတွေ ဖြစ်လာနိုင်တယ်” ဟု စကီပယ်စကာက ဆိုသည်။
“ဒါပေမဲ့ ဒါကို ကိုင်တွယ်ရတာ အင်မတူ ခက်ပါတယ်။ အမျိုးသမီးတွေက သူတို့ကို ရဲတိုင် လိုက်ရင် စစ်ထဲ ဒါမှမဟုတ် ထောင်ထဲ ချက်ချင်း အပို့ခံရမှာစိုးလို့ မတိုင်ရဲကြဘူး” ဟု သူမက ဆိုသည်။
စစ်ပွဲ၏ စိတ်ဖိစီးမှုသည် တစ်နိုင်ငံလုံးရှိ လူတိုင်းအပေါ် သက်ရောက်မှုရှိနေသည်။
မျိုးရိုးအမည် မဖော်ပြရန် တောင်းဆိုထားသည့် လူဒမီလာက စစ်ပွဲသည် သူမ၏ အိမ်တွင်းရေးဘဝကို ငရဲတစ်ခုကဲ့သို့ ဖြစ်စေခဲ့သည်ဟု ဆိုသည်။
သူမကို အမြဲတမ်း ထိန်းချုပ်ပြီး ရံဖန်ရံခါ ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်တတ်သော အမျိုးသားတစ်ဦးနှင့် အိမ်ထောင်သက် ၁၀ နှစ် ကြာခဲ့ကြောင်း စကီပယ်စကာ၏အဖွဲ့က ဖွင့်လှစ်ထားသော ခိုလှုံရာစခန်းတစ်ခုတွင် လူဒမီလာက CNN ကို ပြောပြသည်။
“ဒါတွေက တစ်ခါတလေ ဖြစ်တတ်တဲ့ကိစ္စတွေလို့ ထင်ပြီး သည်းခံခဲ့တာ။ ကျွန်မအမေ ကလည်း အားလုံး အဆင်ပြေသွားမှာပါ… တစ်ယောက်နဲ့တစ်ယောက် အသားကျဖို့ အချိန်လိုတယ်၊ အလျှော့အတင်းလုပ်ရမယ်လို့ ပြောခဲ့တယ်” ဟု လူဒမီလာက သူမ၏ သားငယ်လေးကို ပိုက်ထွေးရင်း CNN ကို ပြောပြသည်။
သို့သော် ကျူးကျော်စစ်ဖြစ်ပြီးနောက် အခြေအနေများက ပို၍ ဆိုးရွားလာခဲ့သည်။ စစ်မှုထမ်းရန် မလိုသည့် နိုင်ငံခြားသားဖြစ်သူ လူဒမီလာ၏ခင်ပွန်းသည် သူ၏ဖောက်သည် များ ယူကရိန်းမှ ထွက်ပြေးသွားသောကြောင့် လုံခြုံရေးဝန်ထမ်းအလုပ် လက်လွတ်ခဲ့ရသည်။ သူသည် လူဒမီလာအပေါ် မှီခိုလာရပြီး ယင်းကို သူက မနှစ်သက်ပေ။
သူမ သားလေးကို မွေးဖွားပြီးနောက်တွင် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ “သူက ကျွန်မရဲ့ လှုပ်ရှားမှုတိုင်း၊ ငွေကြေးတိုင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်မှုတိုင်းကို ထိန်းချုပ်ခဲ့တယ်။ ကျွန်မကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး ပိုပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ အပြင်ပန်းမှာ မမြင်သာဘဲ နာကျင် အောင် ဘယ်နေရာကို ရိုက်ရမလဲဆိုတာ သူသိတယ်၊ ခေါင်း ဒါမှမဟုတ် ခြေထောက်တွေကိုပဲ သူရိုက်တယ်” ဟု သူမက ဆိုသည်။
သူမ၏ သားလေးရှေ့မှာတင် သူမကို ခြိမ်းခြောက်ခဲ့သည့် အချိန်သည် နောက်ဆုံးသည်းခံ နိုင်စွမ်း ကုန်ဆုံးသွားသည့် အချိန်ဖြစ်သည်ဟု သူမက ဆိုသည်။
“ဒါဟာ အဆုံးသတ်ပဲလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်” ဟု သူမက CNN ကို ပြောသည်။ သူမနှင့် သားငယ်လေးသည် ခိုလှုံရာစခန်းတွင် နေထိုင်ခဲ့သည်မှာ လအနည်းငယ်ရှိပြီဖြစ်ပြီး ယခုအခါ တိုက်ခန်းအသစ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ “ကျွန်မရဲ့ ကလေးကို အမျိုးသမီးတွေကို အထင်မသေးတတ်တဲ့၊ တန်ဖိုးထားတတ်တဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်” ဟု သူမက ဆိုသည်။
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသည့် အလီစာသည် ယခုအခါ ကွာရှင်းပြီး တစ်ဦးတည်း နေထိုင်နေပြီ ဖြစ်သည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ ကုထုံးများ ခံယူခဲ့ပြီး ယခုအခါ ပျော်ရွှင်နေပြီး ဘဝကို ရှေ့ဆက်ရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။ သူမ အလုပ်အသစ် ရခဲ့သလို သူငယ်ချင်းဟောင်းများ၊ သူငယ်ချင်းအသစ်များနှင့်လည်း ပြန်လည် ဆက်သွယ်နိုင်ခဲ့ပြီ ဖြစ်သည်။
အတိတ်ကို ပြန်ကြည့်လျှင် သူမ၏ခင်ပွန်း၌ အကြမ်းဖက်လိုသည့် စိတ်ဓာတ် အမြဲရှိနေခဲ့ သည်ဟု သူမက ယုံကြည်နေသည်။ “စစ်ပွဲက လူတွေကို ပြောင်းလဲပစ်တယ်လို့ ကျွန်မ မထင်ဘူး။ လူ့အတွင်းစိတ်ထဲမှာ ရှိပြီးသားအရာတွေကိုပဲ အပြင်ကို ဆွဲထုတ်လိုက်တာပါ။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ ရန်လိုမှုဟာ တစ်ချိန်ချိန်မှာ ထွက်လာမှာပဲ၊ စစ်ပွဲက ဒါကို ပိုမြန် စေတယ်၊ ပိုပြင်းထန်စေတယ်၊ ပိုရက်စက်စေတာပဲ ရှိတယ်။ စစ်ပွဲက သူ့ကို ပြောင်းလဲ ပစ်လိုက်တာ မဟုတ်ပါဘူး” ဟု သူမက ဆိုသည်။
“(ကျွန်မခင်ပွန်းထက်) ပိုပြီး ဆိုးရွားတဲ့အရာတွေကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသားတွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့ သူတို့က သူလုပ်သလိုမျိုး မပြုမူကြပါဘူး။”

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်ဒေသရှိ ဗာဆေးလ်ကစ်ဗ် (Vasylkiv) စစ်အခြေစိုက်စခန်းတွင် နေရာယူထားသော ယူကရိန်းစစ်သည်များ။ (ဓာတ်ပုံ – Maksim Levin/Reuters)

အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိယက်ဗ်စင်တာ၏ အကြီးအကဲ တယ်တယာနာ ဇိုတိုဗာ (Tetyana Zotova) က စစ်သည်တော်များအပါအဝင် စစ်ဘက်ဆိုင်ရာ မိသားစုများ အကူအညီတောင်းခံမှု ပိုမိုများပြားလာကြောင်း ပြောကြားခဲ့သည်။ (ဓာတ်ပုံ – Ivana Kottasova/CNN)

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်က ယူကရိန်းနိုင်ငံ၊ ဇာပိုရီရှားဒေသ၊ ရိုဗိုတိုင်းန် (Robotyne) ကျေးရွာအနီးတွင် တင့်ကားစီးနင်းနေသော ယူကရိန်းစစ်သည်များ။ (ဓာတ်ပုံ – Viacheslav Ratynskyi/Reuters)

အိုဟာက သူမ၏ခင်ပွန်း၏ အကြမ်းဖက်မှုများကို ရှေ့တန်းတွင် သူခံစားခဲ့ရသည့် စိတ်ဒဏ်ရာ များကြောင့်ဟုဆိုကာ အမြဲတမ်း ဆင်ခြေပေးပြီး ခွင့်လွှတ်ခဲ့ကြောင်း CNN ကို ပြောပြသည်။ (ဓာတ်ပုံ – Ivana Kottasova/CNN)

လူဒမီလာ (Ludmyla) သည် သူမ၏ ၁၀ နှစ်ကြာ အိမ်ထောင်ရေးသက်တမ်းတစ်လျှောက် အိမ်တွင်းအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသော်လည်း စစ်ပွဲစတင်ချိန်တွင် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောကြားခဲ့သည်။ (ဓာတ်ပုံ – Ivana Kottasova/CNN)







