CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက်
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင် လုပ်ဆောင်ရန်” ရည်ရွယ်ထားကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
“မိမိဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာကို ရန်သူကို ကြိုပြောနေမယ်ဆိုရင် မြေပြင်တပ်ဖွဲ့ဝင် တွေ အပါအဝင် ဘယ်စစ်ပွဲကိုမှ တိုက်ခိုက်ပြီး အနိုင်ရမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ မြေပြင်တပ်ဖွဲ့တွေနဲ့ သူတို့ကို ချဉ်းကပ်လာနိုင်တဲ့ နည်းလမ်းပေါင်း ၁၅ ခုလောက် ရှိနိုင်တယ်လို့ အခုချိန်မှာ ရန်သူက ထင်နေပါတယ်။ တကယ်လည်း အဲ့ဒီအတိုင်း ပါပဲ” ဟု ဟက်ဆက်သ် က ဆက်လက်ပြောဆိုသည်။
လိုအပ်ပါက အမေရိကန်အနေဖြင့် “ထိုရွေးချယ်စရာ နည်းလမ်းများကို အကောင်အထည် ဖော်” နိုင်ကြောင်း၊ သို့မဟုတ် “ထိုနည်းလမ်းများကို လုံးဝ အသုံးမပြုဘဲလည်း နေနိုင်ကြောင်း” ၎င်းက ပြောသည်။ “ဆွေးနွေးညှိနှိုင်းမှုတွေက အလုပ်ဖြစ်ရင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် တခြား ချဉ်းကပ်ပုံမျိုးလည်း ရှိနိုင်ပါတယ်။ အဓိကအချက်ကတော့ အဲ့ဒီကိစ္စမှာ ခန့်မှန်းရ ခက်နေဖို့ပါပဲ— မိမိဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာကိုတော့ ဘယ်သူ့ကိုမှ အသိပေးမှာ မဟုတ်ပါဘူး။”
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန် ကိန်း(Dan Caine) ကလည်း အမေရိကန်တပ်ဖွဲ့များ ကျင့်သုံးနိုင်သည့် “စစ်ရေးဆိုင်ရာ ရွေးချယ်စရာ နယ်ပယ်” မှာ “ကျယ်ပြန့်လှကြောင်း” နှင့် ဒေသတွင်းသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းသည် ကုန်းကြောင်း စစ်ဆင်ရေးအတွက်သာ ရွေးချယ်စရာများကို ပေးစွမ်းသည်မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“သမ္မတရဲ့ ဆုံးဖြတ်ပိုင်ခွင့် နယ်ပယ်ကို ကျွန်တော် မပိတ်ပင်ချင်ပါဘူး။ ဒါပေမဲ့ အီရန်အနေနဲ့ သတိပြုသင့်တာကတော့ အဲ့ဒီမှာ တပ်ဖွဲ့တွေရှိနေတာဟာ ဖိအားပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်ပြီး၊ သူတို့ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကို သံတမန်ရေးအရ သေချာစဉ်းစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။








