တနင်္လာနေ့က ဆက်လက်ကျင်းပခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းက အိမ်ရှင်အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ တိုက်စစ်မှာ ဆာကာ၊ အန်ကီတီယက်၊ မာတီနယ်လီတို့ကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာ အဲလ်နီနီနဲ့အတူ အရံကစားသမားတွေဖြစ်တဲ့ လိုကွန်ကာ၊ ဖေဘီယိုဗီအဲရာတို့ကို ၄-၃-၃ ကစားကွက်အတိုင်းခင်ကျင်းပွဲထွက်ခဲ့တာပါ။
ပွဲချိန်ပထမပိုင်းမှာ အိမ်ရှင် အောက်စ်ဖို့ယူနိုက်တက်အသင်းရဲ့ မာမာထန်ထန်တုံ့ပြန်ကစားမှုကြောင့် အာဆင်နယ်အသင်း ဂိုးရဖို့ ခက်ခဲခဲ့သလို အန်ကီတီယက်ရဲ့ ကန်ချက်ကလည်း အောက်စ်ဖို့ဒ်နောက်ခံလူရဲ့ လက်နဲ့ထိသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့လို့ ပွဲချိန်ပထမပိုင်းအပြီးထိ ဂိုးမရှိသရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အာဆင်နယ်က ကစားသမားအပြောင်းအလဲမလုပ်ဘဲ ဆက်လက်ရင်ဆိုင်ခဲ့ရာမှာ ပွဲချိန် ၆၃ မိနစ်မှ ကွင်းလယ်လူ အဲလ်နီနီက ဖေဘီယိုဗီအဲရာရဲ့ ဖရီးကစ်ကန်ချက်ကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂိုးရပြီးနောက်မှာ အာဆင်နယ်ရဲ့တိုက်စစ် ပိုမိုမြိုင်ဆိုင်လာခဲ့ပြီး မိနစ် ၇၀ မှာ အန်ကီတီယက်က ဖေဘီယိုဗီအဲရာရဲ့ဖန်တီးပေးမှုကနေ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ဒုတိယဂိုးသွင်းယူခဲ့သလို နောက် ၆ မိနစ်အကြာမှာ အန်ကီတီယက်ကပဲ မာတီနယ်လီရဲ့ ဖန်တီးပေးမှုကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်အသင်းက အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Era’sEyes |#SportNews