ဧပြီလ (၆)ရက်။
မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တာ။ အဲ့ဒီမှာ ညီနောင်တပ်ဖွဲ့တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ခေါ်ဇာအခြေစိုက် ခလရ(၃၁) ကာကင်းစခန်းကို MSRF နဲ့ ညီနောင်တပ်ဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးထဲ စစ်တပ်ဘက်က ထိခိုက်တဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ဒါ့အပြင် ဧပြီလ (၃)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ကလဲ ရေးမြို့တောင်ပိုင်း ရင်းဒိန်ရွာနဲ့ ရင်းရယ်ရွာကြား တိုက်ကင်းလှည့်နေတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဘက်က ဗိုလ် (၁)ဦးနဲ့ တပ်သား (၂)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာတွေကို ညီနောင်တပ်ဖွဲ့ဖြစ်တဲ့ MSRF နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၈၀၀၂)တို့ ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။








