ဧပြီလ (၇)ရက်။
မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့ သံအမတ်ဖြစ်တာကြောင့် ဝမ်းမြောက်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ရှီကျင့်ဖျင်က သမ္မတအနေနဲ့ ရွေးချယ်ခံရပြီး နာရီးပိုင်းထဲ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့တဲ့အပေါ် ကျေးဇူးတင်ကာ မိတ်ဆွေကောင်းနိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲတဲ့အပေါ် ထောက်ခံမှုပြသတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ စွမ်းဆောင်မှုအောက်မှာ နိုင်ငံ တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာတွေ ပိုမိုတိုးတက်လာမယ်ဆိုပြီး တရုတ်သမ္မတက ထည့်သွင်းပြောဆိုခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တွေ့ဆုံပွဲမှာ ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ပေးပို့တဲ့ ဝမ်းမြောက်သဝဏ်လွှာကို သံအမတ်က ပေးအပ်ခဲ့ပါတယ်။
အတုအယောင်လွှတ်တော်ကနေ သမ္မတအနေနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ မင်းအောင်လှိုင်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲနဲ့ အမည်ခံအစိုးရအဖွဲ့တဲ့ကိစ္စတွေကို အခုရက်သတ္တပတ်ထဲ ပြုလုပ်သွားဖို့ရှိနေတာပါ။
သမ္မတလုပ်ဖို့ အတင်းအဓမ္မ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အမည်ခံအစိုးရအဖွဲ့ကို အသိအမှတ်မပြုဘဲ ကန့်ကွက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြတယ်လို့ သိရပါတယ်။








