ဧပြီလ (၈)ရက်။
မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး ဇိမ်ခံအိမ်ယာတခုကို ဝယ်ယူရာမှာ ဒဏ်ခတ်ပိတ်ဆို့မခံရသေးတဲ့ မိသားစုဝင်နာမည်တွေနဲ့ ညှိနှိုင်းဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့ရှိ Issara Residence Rama 9 က အဲ့ဒီအိမ်ယာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited က ရောင်းချခဲ့ပြီး Emerald Princess Company Limited ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ Emerald Princess Company Limited ဟာ မင်းအောင်လှိုင် မိသားစုရဲ့ ကြိုးကိုင်ကုမ္ပဏီတစ်ခုဖြစ်သလို ဝယ်ယူတာကို မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်နာမည်နဲ့ ဝယ်ယူခဲ့တာလို့ သိရပါတယ်။
သူဟာ ဘယ်နိုင်ငံကမှ ဒဏ်ခတ်ပိတ်ဆို့ခံရတာ မရှိသေးဘဲ သူ့ရဲ့နာမည်နဲ့ အသုံးပြုဝယ်ယူတာဟာ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ကျော်လွှားရှောင်ရှားဖို့ ရည်ရွက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ မျိုးရတနာထိုက်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ JFM က တောင်းဆိုထားပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်နဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ အကျင့်ပျက်ချစားတာတွေအတွက် တာဝန်ခံရမှာဖြစ်ပြီး အခုအချိန်ဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာကို အဆုံးသတ်ရမယ့်အချိန်လို့လဲ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။








