ဧပြီလ (၈)ရက်။
အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
“ KIO တောင်ပိုင်း တပ်ရင်းတွေကို သွားရောက်စစ်ဆေးတာရှိပါတယ်။ အဲ့ဒီမှာ နမ့်ဖက်ကာရွာက ဒေသခံတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို တွေ့ဆုံတာရှိတယ်” လို့ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်ဒေသ နမ့်ဖက်ကာရွာရှိ ဒေသခံတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ KIO အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံကာ နိုင်ငံရေးအသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီခရီးစဉ်ထဲ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဗိုလ်မှူးကြီး နော်ဘူကတော့ အတည်ပြုပြောဆိုထားတာ မရှိပါဘူး။
ဒါ့အပြင် SSPP/SSA နဲ့ မံစီမြို့ မန်ဝိန်းကြီးဒေသမှာ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့လဲ ဒေသထဲသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
ဒီလိုတွေ့ဆုံတာဟာ ကွတ်ခိုင်မြို့မှာ မဟာမိတ်အဖွဲ့တွေ နယ်မြေထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ ဖြစ်နိုင်တယ်လို့လဲ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားကြတယ်လို့ သိရပါတယ်။








