CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက်
အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ
ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက တုံ့ပြန်ပြောဆိုလျက်ရှိကြသည်။
- လေဘနွန်သမ္မတ ဂျိုးဆက် အွန်(Joseph Aoun) က အမေရိကန်-အီရန် အပစ်အခတ် ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုခဲ့သည်။ လေဘနွန်သမ္မတရုံးက X (ယခင် Twitter) တွင် ပို့စ်တင်ရာ၌ “အကြမ်းဖက်မှုသည် နိုင်ငံများအကြား ပြဿနာများကို ဖြေရှင်းရန် အတွက် ထိရောက်သော နည်းလမ်းမဟုတ်ပါ” ဟု ဆိုကာ “လက်ဘနွန်ပြည်သူများ သဘောတူထားသည့် မူဝါဒများနှင့်အညီ ဒေသတွင်းငြိမ်းချမ်းရေးသည် လက်ဘနွန် နိုင်ငံ အတွက်ပါ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ပုံစံမျိုးဖြစ်စေရန် ဆက်လက် ကြိုးပမ်းသွားမည်” ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
- အီဂျစ်သမ္မတ အက်ဒယ် ဖာတာအယ်ဆီဆီ (Abdel Fattah al-Sisi )က ဤသတင်း သည် “ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးကို မြတ်နိုးသူ သန်းပေါင်းများစွာအတွက် ကြီးစွာ သော စိတ်သက်သာရာရမှုကို သံသယဖြစ်ဖွယ်မရှိဘဲ ဆောင်ကြဉ်းပေးခဲ့သည်” ဟု X တွင် ရေးသားခဲ့ပြီး “ဤအပြုသဘောဆောင်သည့် တိုးတက်မှုမှတစ်ဆင့် ဒေသတွင်း စစ်ပွဲကို အဆုံးသတ်နိုင်မည့် အမြဲတမ်းသဘောတူညီချက်တစ်ခုဆီသို့ ဦးတည်သွား နိုင်ရန်” ဆုတောင်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
- ပါလက်စတိုင်းသမ္မတရုံး ကလည်း ဤသတင်းကို ကြိုဆိုခဲ့ပြီး “တည်ငြိမ်မှုရရှိရန် အတွက် အပြုသဘောဆောင်ပြီး အရေးကြီးသည့် ခြေလှမ်းတစ်ခု” ဟု ခေါ်ဆိုခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာန WAFA က ဖော်ပြသည်။ သမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) က အပစ်အခတ်ရပ်စဲရေးတွင် “ဂါဇာ၊ အနောက်ဘက်ကမ်း သို့မဟုတ် အရှေ့ဂျေရုဆလင်ဖြစ်စေ၊ အခြေချနေထိုင်သူများနှင့် ကျူးကျော်တပ်ဖွဲ့ များ ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရသည့် ပါလက်စတိုင်းနယ်မြေများပါ ပါဝင်ရန်” တောင်းဆိုခဲ့သည်။ ထို့ပြင် “လေဘနွန်အပေါ် ရန်လိုတိုက်ခိုက်မှုများ” ကိုလည်း အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။
- ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန က အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို “ကြိုဆို ကြောင်း” ပြောကြားခဲ့ပြီး “ဒေသတွင်း တင်းမာမှုများ ပြန့်နှံ့မှုကို တားဆီးရန် အတွက် ဤအခြေအနေအပေါ် အခြေခံကာ အရေးပေါ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း” အလေးအနက် ပြောကြားခဲ့သည်။
- ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း ဤသတင်းကို ကြိုဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် ပါကစ္စတန်ကြားဝင်စေ့စပ်သူများ၏ “အကျိုးရှိသော ကြိုးပမ်းအားထုတ်မှုများ” ကို ချီးကျူးကြောင်း X တွင် ရေးသားခဲ့သည်။
- အိုမန်နိုင်ငံခြားရေးဝန်ကြီး က “လောလောဆယ်တွင် ကမ္ဘာကြီးသည် ဘေးဒုက္ခဆိုး ကြီးမှ နောက်ဆုတ်သွားနိုင်ခဲ့ပြီ” ဟု ဆိုသော်လည်း ရှေ့ဆက်သွားမည့် လမ်းခရီးတွင် “ပေါ့ပေါ့ဆဆနေရန် နေရာမရှိပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
- ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာန က အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုရင်း “ဟော်မုဇ် ရေလက်ကြားကို ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတကာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ကို ကန့်သတ်ချက်မရှိဘဲ သေချာစေရန် အရေးကြီးကြောင်း” အလေးပေး ပြောကြား ခဲ့သည်။
- ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန က အပစ်အခတ်ရပ်စဲရေး ရရှိရန် ပါကစ္စတန်၏ အခန်းကဏ္ဍကို ချီးကျူးခဲ့ပြီး “ဤကြေညာချက်သည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးမည့် ဘက်စုံပြီး ရေရှည်တည်တံ့သော အဖြေတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း” ဖော်ပြခဲ့သည်။ ထို့ပြင် “ဟော်မုဇ်ရေ လက်ကြားတွင် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို သေချာစေရန် လိုအပ် ကြောင်း” ကိုလည်း အလေးပေး ပြောကြားခဲ့သည်။

အီရန်စစ်ပွဲတွင် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် တီဟီရန်ရှိ ပြည်သူများက ကြွေးကြော်နေကြစဉ်။ Majid-Asgaripour/Wana News Agency/Reuters (ပုံ)

စနေနေ့က လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံဘေးတွင် အမျိုးသားတစ်ဦး ရပ်နေပုံ။ Yara Nardi/Reuters(ပုံ)







