BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက်
ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး သုံးရက်အကြာတွင် ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံကာ အာဏာလွှဲပြောင်းမှုကို အစောဆုံး ဖြစ်နိုင်မည့် အချိန်တွင် ပြုလုပ်ရန် တွန်းအားပေးခဲ့သည်။
ပီတာ မာဂျာ သည် သမ္မတနန်းတော်တွင် သမတ တာမတ်စ် ဆူလ်ယော့(Tamás Sulyok) နှင့် တွေ့ဆုံခဲ့ပြီးနောက် ရွေးကောက်ပွဲရလဒ်များ တရားဝင်ထွက်ပေါ်လာမည့် မေလ ၄ ရက်နေ့တွင် အမျိုးသားလွှတ်တော်သစ်၏ ပထမဆုံးအစည်းအဝေးကို ကျင်းပစေလိုကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆူလ်ယော့ (Sulyok) ကမူ “ အတည်ပြုရလဒ် ထွက်ပေါ်လာပြီးနောက် အစောဆုံးဖြစ်နိုင်မည့် ရက်တွင်” လွှတ်တော်ကို ခေါ်ယူသွားမည်ဟု ပီတာ မာဂျာ အား ပြောကြားခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
သမ္မတက ပီတာ မာဂျာ ၏ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှုကို မှတ်ချက်မပေး ခဲ့သော်လည်း၊ ၎င်းအချက်ကို စဉ်းစားပေးမည်ဟု သမ္မတက ပြောခဲ့ကြောင်း ဝန်ကြီးချုပ် လောင်းက ဆိုသည်။
အစိုးရသစ်ကို တင်မြှောက်မည့် လွှတ်တော်အစည်းအဝေးတွင် ပီတာ မာဂျာ ကို ဝန်ကြီးချုပ် အဖြစ် “ တရားဝင် အဆိုပြု” သွားမည်ဟု ဆူလ်ယော့ က ပြောကြားခဲ့သည်။ ပီတာ မာဂျာ က ထိုလုပ်ငန်းစဉ်ကို ပိုမိုစောစီးစွာ ဖြစ်စေလိုသော်လည်း မေလ ၆ ရက် သို့မဟုတ် ၇ ရက်ခန့် တွင် ဖြစ်လာနိုင်ခြေရှိသည်ဟု ဆိုသည်။
အသက် ၄၅ နှစ်အရွယ် ပီတာ မာဂျာ က သမ္မတသည် “ ဟန်ဂေရီနိုင်ငံ၏ ညီညွတ်မှုကို ကိုယ်စားပြုရန် မထိုက်တန်” ကြောင်းနှင့် အစိုးရသစ်ဖွဲ့စည်းပြီးသည်နှင့် ချက်ချင်း ရာထူးမှ ထွက်ခွာစေလိုကြောင်း ပြောကြားခဲ့ပြီး “ သူဟာ ကိုယ်ကျင့်တရားဆိုင်ရာ အာဏာပိုင်တစ်ဦး အနေနဲ့ ဖြစ်စေ၊ စံပြပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဖြစ်စေ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပါဘူး” ဟု ဆိုသည်။
၎င်းသည် သမ္မတနန်းတော်သို့ နံနက် ၁၀:၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၈:၀၀) မတိုင်မီတွင် ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် ၎င်းနှင့် သမတ တာမတ်စ် ဆူလ်ယော့ (Tamás Sulyok) တို့ သမ္မတနန်းတော် လသာဆောင်တွင် အတူရပ်နေသည့် ဗီဒီယိုကို တင်ခဲ့သည်။ ထိုအချိန်တွင် ဗစ်တာ အော်ဘန်သည် ၎င်း၏ရုံးခန်းရှိရာ ဘေးချင်းကပ်လျက် ကာမဲလ်လစ်တာ(Karmelita) ဘုန်းတော်ကြီးကျောင်း လသာဆောင်တွင် ရပ်နေခဲ့သည်။
အော်ဘန်နှင့် အခြားပါတီခေါင်းဆောင်များသည် နောက်ပိုင်းတွင် သမ္မတနှင့် တွေ့ဆုံ ခဲ့သော်လည်း ရာထူးမှ ထွက်ခွာရတော့မည့် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် သည် နန်းတော်ရှေ့တွင် ပီတာ မာဂျာ နှင့် စကားပြောနေသည့် သတင်းထောက်များကို ရှောင်ကွင်းကာ ဘေးပေါက်မှ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။
ပီတာ မာဂျာ သည် ၂၀၂၄ ခုနှစ် မတ်လတွင် အော်ဘန်၏ပါတီမှ ခွဲထွက်ခဲ့ပြီး နှစ်နှစ်အတွင်း လူထုထောက်ခံမှုများစွာ ရရှိအောင် စည်းရုံးနိုင်ခဲ့သည့် ၎င်း၏ တစ္စ(Tisza) ပါတီသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံ (Super-majority) ဖြင့် အာဏာရ ဖီဒက်ဇ်(Fidesz )ပါတီကို အနိုင်ယူခဲ့သည်။
ဟန်ဂေရီ မီဒီယာများ၏ ၇၀-၈၀% ခန့်ကို အော်ဘန်၏ အပေါင်းအပါများက သိမ်းပိုက်ထားပြီး ပီတာ မာဂျာ နှင့် ၎င်း၏ပါတီအပေါ် တစ်နေ့လျှင် မုသားစကား ၃၀၀ ဖြင့် စော်ကားနေ ကြောင်း၊ ၂၀၂၄ စက်တင်ဘာလကတည်းက ၎င်းကို နိုင်ငံပိုင်ရုပ်သံတွင် တစ်ကြိမ်မျှ ထွက်ခေါ်ခွင့်မပြုခဲ့ကြောင်း ပီတာ မာဂျာ က ပြောကြားခဲ့သည်။
သို့သော် ထိုအခြေအနေသည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောင်းလဲသွားခဲ့ပြီး၊ ဦးစွာ နိုင်ငံပိုင် ကိုဆော့သ်(Kossuth) ရေဒီယိုတွင် နာရီဝက်ကြာ အကြိတ်အနယ် အင်တာဗျူးဖြေဆိုခဲ့ကာ၊ ထို့နောက် M1 ရုပ်သံတွင်လည်း ထပ်မံဖြေဆိုခဲ့သည်။ ထိုအင်တာဗျူးတွင် ၎င်းတို့၏ သတင်း တင်ပြမှုများကို ရပ်ဆိုင်းကာ သတင်းလွတ်လပ်ခွင့်ကို အာမခံနိုင်မည့် အသံလွှင့်အာဏာပိုင် အသစ် တစ်ရပ်ကို ဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့သည်။
“ ဟန်ဂေရီနိုင်ငံသားတိုင်းဟာ အမှန်တရားကို ထုတ်လွှင့်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာနဲ့ ထိုက်တန်ပါတယ်” ဟု ၎င်းက Kossuth ရေဒီယိုသို့ ပြောကြားခဲ့ပြီး ၎င်းနှင့် ၎င်း၏မိသားစု သည် “ မနက်၊ နေ့လယ်၊ ည” နေ့ညမပြတ် စော်ကားခံခဲ့ရသော်လည်း ပုဂ္ဂိုလ်ရေးအရ ကဲ့ရဲ့တုံ့ပြန်ရန် မဟုတ်ကြောင်း ရှင်းပြခဲ့သည်။
အင်တာဗျူးသူများက ၎င်းတို့၏ ဌာနများသည် ဝါဒဖြန့်ချိရေးများသာ ထုတ်လွှင့်ခဲ့ကြောင်းနှင့် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး(Volodymyr Zelensky) နှင့် စကားပြောဖူးသလား ကဲ့သို့သော အဓိပ္ပာယ်မရှိသည့် မေးခွန်းများ မေးမြန်းနေကြောင်း Magyar က တုံ့ပြန်ခဲ့သဖြင့် အခြေအတင် ဖြစ်ခဲ့ကြသည်။ အော်ဘန်သည် ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် မာဂျာကို ဇလန်းစကီး နှင့် ဥရောပသမဂ္ဂတို့၏ ရုပ်သေးရုပ်ဖြစ်သည်ဟု စွပ်စွဲချက်များအပေါ် အဓိက အာရုံစိုက်ခဲ့သည်။
မာဂျာ သည် ဥရောပလွှတ်တော်က “ ရွေးကောက်ခံ အာဏာရှင်စနစ်” ဟု သတ်မှတ်ခဲ့သည့် အော်ဘန်၏ နှစ်ရှည်လများ မူဝါဒများကို ပြောင်းလဲပစ်ရန် အလျင်စလို ကြိုးပမ်းနေသည်။ ဟန်ဂေရီနိုင်ငံသားများသည် အဂတိလိုက်စားမှုနှင့် ဆွေမျိုးကောင်းစားရေး ဝါဒများ ပါဝင်သည့် အရှုပ်တော်ပုံများအပေါ် ဒေါသထွက်ခဲ့ကြပြီး၊ မာဂျာ က ဗစ်တာအော်ဘန်၏ ရှေ့ဆောင် အစိုးရသည် နိုင်ငံကို ဗလာဖြစ်အောင် ခိုးယူခဲ့ကြောင်း ပြောဆိုခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် အခြားကိစ္စရပ်များကြောင့် ဥရောပသမဂ္ဂ (EU) ၏ ရန်ပုံငွေ ယူရိုဘီလီယံပေါင်းများစွာသည် ရပ်တန့်ခံထားရပြီး မာဂျာသည် ထိုငွေများကို ပြန်လည်ရရှိရန် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဇူလာဗွန်ဒါလီယန်(Ursula von der Leyen) နှင့် အင်္ဂါနေ့တွင် ဆွေးနွေးခဲ့သည်။
ဟန်ဂေရီစီးပွားရေးသည် အချိန်အတော်ကြာ ဆုတ်ယုတ်နေခဲ့ပြီး ဗွန်ဒါလီယွန် က “ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ရန်နှင့် ကျွန်ုပ်တို့၏ ဘုံဥရောပတန်ဖိုးများနှင့် ပြန်လည်ကိုက်ညီစေရန်… လျင်မြန်စွာ လုပ်ဆောင်ရမည့်အရာများ ရှိသည်” ဟု ပြောကြားခဲ့သည်။
ခန့်မှန်းခြေအားဖြင့် ယူရို ၁၇ ဘီလီယံ (ပေါင် ၁၄.၈ ဘီလီယံ) ခန့်မှာ ဆိုင်းငံ့ခြင်း ခံထား ရသော်လည်း ဟန်ဂေရီသည် နောက်ထပ် ကာကွယ်ရေးချေးငွေ ယူရို ၁၆ ဘီလီယံကိုလည်း အတည်ပြုချက်ရရန် စောင့်ဆိုင်းနေရသည်။
တိုက်ဆိုင်မှုတစ်ခုအနေဖြင့်၊ ဧပြီလ ၂၃-၂၄ ရက်များတွင် ဆိုက်ပရပ်စ်၌ ကျင်းပမည့် EU ခေါင်းဆောင်များ၏ အလွတ်သဘော ထိပ်သီးအစည်းအဝေးတွင် အော်ဘန်သည် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဦးမည်ဟု မျှော်လင့်ရသော်လည်း ၎င်းအနေဖြင့် တက်ရောက်ရန် အစီအစဉ်ရှိမရှိ အရိပ်အမြွက် မပြသေးပေ။
EU ခေါင်းဆောင်များသည် ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်များအတွင်း ယူကရိန်း အတွက် ယူရို ၉၀ ဘီလီယံ အကူအညီအပေါ် အော်ဘန်က ဗီတိုအာဏာဖြင့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းရန် ဟန်ဂေရီအား အရေးတကြီး တိုက်တွန်းလျက်ရှိသည်။
မာဂျာ ကမူ ဟန်ဂေရီသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ယူကရိန်းသို့ ချေးငွေပေးရန် ကိစ္စတွင် မပါဝင်ရန် ရွေးချယ်ခဲ့သည့် နိုင်ငံသုံးနိုင်ငံအနက် တစ်နိုင်ငံဖြစ်သဖြင့် ထိုဗီတိုအာဏာသည် သက်ဆိုင်မှုမရှိတော့ကြောင်း ရှင်းလင်းစွာ ပြောဆိုထားသည်။ သို့သော်လည်း ထိုဗီတို အာဏာကို မည်သို့ရုပ်သိမ်းမည်နှင့် အော်ဘန်ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းခြင်း မရှိသေးပေ။
အော်ဘန်ကိုယ်တိုင်မှာမူ ရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်ပြီးကတည်းက အများ အားဖြင့် တိတ်ဆိတ်နေခဲ့သည်။ ၎င်းသည် Facebook ပေါ်တွင် ၎င်း၏ပါတီကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း မက်ဆေ့ခ်ျတစ်ခု တင်ခဲ့ပြီး “ အလုပ်တွေ စတင်ပါပြီ။ ကျွန်ုပ်တို့ကိုယ်တိုင် ပြန်လည်ဖွဲ့စည်းပြီး ဟန်ဂေရီပြည်သူတွေအတွက် ဆက်လက် တိုက်ပွဲ ဝင်ကြပါစို့” ဟု ရေးသားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ အော်ဘန်အတွက် တက်ကြွစွာ မဲဆွယ်ပေးခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မာဂျာ သည် “ လူကောင်းတစ်ယောက်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရန့်က ABC News သတင်းထောက်ဂျိုနသန်ကားလ်( Jonathan Karl) ကို “ လူသစ်ဟာ အလုပ်ကို ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထရန့်သည် ယခင်က ဟန်ဂေရီနိုင်ငံသားများအား ၎င်း၏ မိတ်ဆွေနှင့် ရင်းနှီးသည့် မဟာမိတ်ဖြစ်သူ အော်ဘန်ကို “ ထွက်ပြီး မဲပေးကြရန်” တိုက်တွန်းခဲ့ဖူးသူ ဖြစ်သည်။

ဟန်ဂေရီသမ္မတ နန်းတော်တွင် ပီတာမာဂျာ သည် တာမတ်စ် ဆူလ်ယော့ (Tamás Sulyok) နှင့် တွေ့ဆုံခဲ့ပြီး သမ္မတအား ရာထူးမှ နုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။(ဓါတ်ပုံ)

ပီတာမာဂျာ အောင်ပွဲခံနေစဥ်

ဝမ်းသာပျော်ရွှင်နေသည့်ဟန်ဂေရီပြည်သူများ







