ဧပြီလ (၂၀)ရက်။
ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု ကိုင်စွဲထားတယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ရွေးကောက်ခံ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး သမ္မတကြီး ဦးဝင်းမြင့်အနေနဲ့ ပြည်တွင်းပြည်ပ တော်လှန်ရေးဖိအားတွေကြောင့် အခုလို မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့တာဟာ ပြည်သူရဲ့ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတရပ်လို့ ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့အပြင် စစ်အာဏာရှင်လူတစုရဲ့ ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်တဲ့ အဆိုးကျော့သံသရာက အပြီးတိုင် လွတ်မြောက်ရေးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ထုတ်ပြန်ချက်ထဲ ပြည်သူရဲ့ မဲဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ NUG အနေနဲ့ ခေတ်ပြောင်း စနစ်ပြောင်းစေဖို့ ဦးတည်ဆောင်ရွက်နေတဲ့ နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင်ရောက်တဲ့အထိ ဆုံးခန်းတိုင် ဆောင်ရွက်သွားမယ်လို့လဲ ပြောဆိုထားတယ်လို့ သိရပါတယ်။








