ဧပြီလ (၂၀)ရက်။
မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
“ စစ်တပ်က သမ္မတကြီးကို ပြန်လွှတ်ပေးပေမယ့် စောင့်ကြည့်တာတွေ ပိုလုပ်ထားတယ်။ လာတွေ့တဲ့သူတွေကိုလဲ ကိုယ်ရေးအချက်အလက်တွေနဲ့ ဖုန်းတွေကို စစ်ဆေးတာတွေရှိတယ်” လို့ ဆိုပါတယ်။
ပြန်လွတ်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတဲ့ သမ္မတ ဦးဝင်းမြင့်ကို လာတွေ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်တပ်က စစ်ဆေးတာတွေ ရှိတယ်လို့ သိရပါတယ်။
နောက်ပြီး လာရောက်တွေဆုံသူတွေကိုပါ စစ်တပ်က စောင့်ကြည့်တာတွေရှိသလို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကိုပါ စောင့်ကြည့်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘာသတင်းအစအနမှ မရသေးဘူးဆိုကာ သတင်းဌာနအချို့ကို ဖြေကြားခဲ့တဲ့ ဒေါက်တာမျိုးညွန့်ကို စစ်တပ်က ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့ပါသေးတယ်။
စစ်တပ်ဟာ ဧပြီလ (၁၇)ရက်နေ့က သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသား (၄၃၀၀)ကျော်ကို ပြန်လွှတ်ပေးပေမယ့် အဲ့ဒီအထဲ နိုင်ငံရေးအကျဉ်းသား (၂၂၈)ဦးသာ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








