(ရုပ်သံတင်ဆက်မှုစာသားမူရင်း)
ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နှိုင်းယှဥ်ပြီး သုံးသပ်ပြချင်တာ ဖြစ်ပါတယ်။ လူသတ်အာဏာရှင်တွေ ဘယ်လောက်ပဲ အာဏာကို အမြစ်တွယ်အောင် လုပ်ထားပါစေ၊ ပြည်သူတွေ ဗိုက်မဝတော့တဲ့အခါ၊ မျိုးဆက်သစ်တွေက အမှန်တရားကို သိလာတဲ့အခါမှာ ဘယ်လို ပြိုလဲသွားတတ်သလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
ဒီလနှစ်ကူးကာလမှာ မတရားအာဏာသိမ်းပြီးနောက် ကိုယ့်ဖဲကိုယ်ချိုး ကိုယ်ကလုပ်ပေးတဲ့ ရွေးကောက်ပွဲမှာကိုယ့်ပါတီအနိုင်ရအောင်လုပ်ပြီး မျက်နှာပြောင်တိုက် သမတတက်လုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူ့ရွေးပြီးတက်လာတဲ့ သမတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်ပါတယ်၊
ဒီအကြောင်းတွေနဲ့အတူ မကြာခင်က ရွေးကောက်ပွဲမှာရှုံးသွားတဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် ရဲ့ ဟန်ဂေရီနိုင်ငံနဲ့ အရှက်မဲ့ သမတတက်လုပ်နေတဲ့ မင်းအောင်လှိုင်ရဲ့ မြန်မာနိုင်ငံတို့ကို နှိုင်းယှဥ် ပြောကြားသွားမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်တွေအနေနဲ့ ဖြစ်ချင်တာထက်ဖြစ်နိုင်တာ ဖြစ်သင့်တာတွေကို တွေးခေါ်နိုင်ကြဖို့ရည်ရွယ်ပါတယ်။
(အပိုင်း ၁ – ဟန်ဂေရီက အပြောင်းအလဲ) ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ဟန်ဂေရီ ရွေးကောက်ပွဲမှာ ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆန်တဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် တစ်ယောက် မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ အော်ဘန်ဟာ ရုရှားသမ္မတ ပူတင်နဲ့ အလွန်ရင်းနှီးသလို၊ အမေရိကန်က ဒေါ်နယ်ထရန့်၊ JD Vance တို့လို လူတွေကတောင် လူကိုယ်တိုင်လာပြီးသူ့ကိုမဲပေးကြဖို့ ထောက်ခံပေးခဲ့တာပါ။
ဒါပေမဲ့ ဟန်ဂေရီပြည်သူတွေကတော့ အဲဒါတွေကို ဂရုမစိုက်တော့ပါဘူး။ သူတို့တိုင်းပြည်မှာ ကုန်ဈေးနှုန်းတွေ တက်နေတယ်၊ စီးပွားရေးတွေ ကျဆင်းနေတယ်၊ ကျန်းမာရေးစနစ်တွေ ပျက်စီးနေတယ်။ အော်ဘန်ကတော့ ဒါတွေကို မဖြေရှင်းဘဲ “ ယူကရိန်းကြောင့်၊ EU ကြောင့်၊ နိုင်ငံခြားရန်သူတွေကြောင့်” ဆိုပြီး လက်ညှိုးထိုး ဝါဒဖြန့်နေတာကို ပြည်သူတွေက ဂျင်းမှန်း သိသွားကြပါပြီ။ နောက်ဆုံးမှာတော့ ပီတာ မာဂျာ (Péter Magyar) ဦးဆောင်တဲ့ အတိုက်အခံတွေ စည်းလုံးသွားတဲ့အခါမှာတော့ အော်ဘန်ရဲ့ အာဏာစက်ဟာ ပြိုလဲသွားခဲ့ရပါတယ်။
(အပိုင်း ၂ – မြန်မာနိုင်ငံနဲ့ နှိုင်းယှဥ်ချက်) ဒီအခြေအနေကို ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ယှဉ်ကြည့်ရအောင်ပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း အော်ဘန်လိုပါပဲ။ တရုတ်နဲ့ ရုရှားကို အားကိုးပြီး အနောက်နိုင်ငံတွေကို ရန်သူလို ပုံဖော်နေပါတယ်။ သူကိုယ်တိုင်လည်း ဟန်ပြရွေးကောက်ပွဲလုပ်ပြီး သမ္မတတက်လုပ်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူအော်နေတဲ့ “ အမျိုးသားရေး” ဆိုတာ ပြည်သူတွေ ဗိုက်မဝတဲ့အခါ မတရားမှုကို သိမြင်လာတဲ့အခါမှာ ခေါင်းငုံမခံတော့ပါဘူး။ ၁၉၆၂ ခုနှစ်ကတည်းက နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ကို မွဲပြာကျအောင် လုပ်ခဲ့တဲ့ စစ်အုပ်စုကို ပြည်သူတွေက စက်ဆုပ်နေကြပါပြီ။ မြန်မာပြည်မှာက ဟန်ဂေရီထက် ပိုဆိုးတာက ကိုယ့်ပြည်သူကိုယ် ဗုံးကြဲသတ်ဖြတ်နေတဲ့ အတွက် ရွံ့ရှာမုန်းတီးမှုက အထွတ်အထိပ် ရောက်နေတာပါ။
စစ်ခေါင်းဆောင်က ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုအဖြစ် စွပ်စွဲအာဏာသိမ်းခဲ့ ပေမဲ့ သူကိုယ်တိုင်ဦးစီး ကျင်းပပေးတဲ့ ရွေးကောက်ပွဲ ကနေ သူကိုယ်တိုင် သမတတက်လုပ်ခဲ့ တာကြောင့် မဲမသမာမှု ၂ထပ်ကွမ်းမြောက်ခဲ့တဲ့ ရွေးကောက်ပွဲ ဆိုရင် မမှားပါဘူး ၊ ဒါကြောင့် သူအနိုင်ရတဲ့ ရွေးကောက်ပွဲလို့ ထင်နေပေမဲ့ သူ့လုပ်ရပ်တွေကြောင့်ရှိစုမဲ့စု ဂုဏ်သိက္ခာ ရှုံးသွားစေတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရပါတယ်၊
ဗိုလ်ချုပ်မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကနေ ဦးမင်းအောင်လှိုင်အရပ်သား သမတအုပ်ချုပ် တဲ့ အသွင်ပြောင်းမျက်လှဲ့ပြပွဲဖြစ်တဲ့အတွက် စစ်တပ်စိုးမိုးထားတဲ့ အုပ်ချုပ်ရေးပါဘဲ ပြည်သူတင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရမဟုတ်ပါဘူး။
(အပိုင်း ၃ – အတိုက်အခံတွေရဲ့ အားနည်းချက်နဲ့ စိန်ခေါ်မှု) ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမယ့် အချက်တစ်ခုရှိပါတယ်။ ဟန်ဂေရီမှာ အတိုက်အခံတွေ ဘာလို့ နိုင်သလဲဆိုရင် သူတို့ တစ်စုတစ်စည်းတည်း ဖြစ်သွားလို့ပါ။ ကျွန်တော်တို့ မြန်မာပြည် မှာတော့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် (EROs) တွေကြားမှာ စည်းလုံးမှု အားနည်းနေသေးတာကို တွေ့ရပါတယ်။ ဒါဟာ မင်းအောင်လှိုင်အတွက် အသက်ဆက်စရာ အခွင့်အရေး ဖြစ်နေပါတယ်။ အတိုက်အခံတွေ မညီညွတ်သရွေ့ အာဏာရှင်ဟာ သက်ဆိုးရှည်နေဦးမှာပါ။
၁။ ဟန်ဂေရီ အော်ဘန် အစိုးရ နဲ့ မင်းအောင်လှိုင်တို့ ကနိုင်ငံခြားအင်အားကြီးနိုင်ငံများကို အားကိုးမှုနေရတာလဲတူညီနေပါတယ်။
အော်ဘန်ဟာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ အရင်းနှီးဆုံးလို့ လူသိများပါတယ်။ ဥရောပသမဂ္ဂ (EU)ကယူကရိန်းကို ကူညီဖို့ကိစ္စကို EU အဖွဲ့ဝင် အော်ဘန်က ဗီတိုသုံးပယ်ချတာ၊ ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ကန့်ကွက်တာတွေက ပြည်ပမှာသာမက ပြည်တွင်းက လူငယ်တွေနဲ့ လစ်ဘရယ်ဆန်တဲ့ မဲဆန္ဒရှင်တွေကြားမှာ ထောက်ခံမှုမရတဲ့အပြင်ဆန့်ကျင်လာကြပါတယ်။ အထူးသဖြင့် သူတို့ တိုင်းပြည် ကရုရှားဆီက လောင်စာကို အထူးမှီခိုနေရပြီး ရုရှားနဲ့ မနိုင်နိုင်တဲ့ စစ်ကိုတိုက်နေတဲ့ ယူကရိန်းကြောင့် သူတို့တိုင်းပြည်အခက်အခဲတွေ့ရတယ် အီးယူက ယူကရိန်းကို လက်နက် ထောက်ပံ့တဲ့အတွက်ကြောင့် ဟန်ဂေရီကိုထိခိုက်တယ် ရုရှားအပေါ် အမေရိကန်နဲ့အီးယူက ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေက ဟန်ဂေရီရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ သူက ယူဆပါတယ်။ ဒါကြောင့် ယူကရိန်းကို ထောက်ခံ ခြင်းထက် မိမိနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးကို ပိုဦးစားပေးတဲ့ ပေါ်လစီကို ကျင့်သုံးနေတာ ဖြစ်တယ်လို့ မဲဆွယ်မှုကို နောက်ဆုံးမှာတော့ ပြည်သူတွေ အတွက် လက်တွေ့မကျတဲ့ ခြောက်လှန့်မှု လို မြင်သွားပါတယ်။
မင်းအောင်လှိုင်ဟာ တရုတ်ကိုအားကိုးပြီး တရုတ်ကြိုးကိုင်ရာကိုလိုက်လုပ်ရတဲ့ ရုပ်သေး ဖြစ်သလို ရုရှားရဲ့ထောက်ခံမှုကိုရယူပြီး စစ်လက်နက်တွေရနေပေမဲ့ သူ့စစ်တပ်က စစ်နိုင်အောင် မတိုက်နိုင်တာကြောင့်ဂုဏ်သိက္ခာကျခဲ့သလို လူထုထောက်ခံမှုမရှိပါဘူး
၂။ ဟန်ဂေရီအနေနဲ့ NATO နှင့် အနောက်အုပ်စုနိုင်ငံတွေအကြား အထီးကျန်ဖြစ်လာမှု နဲ့
မြန်မာအနေနဲ့အာဆီယံနိုင်ငံတွေအကြားမှာအထီးကျန်ဖြစ်နေမှုတို့ကလဲဆင်တူနေပါတယ်
NATO အဖွဲ့ဝင် ဖြစ်ပေမဲ့ အော်ဘန်ရဲ့ မူဝါဒတွေက NATO ရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာက ဟန်ဂေရီကို နိုင်ငံတကာစင်မြင့်မှာ အထီးကျန် ဆန်စေပါတယ်။ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် နဲ့ ဒေါ်နယ်ထရန့်တို့လို ပုဂ္ဂိုလ်တွေက သူ့ကို ထောက်ခံ ပေမယ့်၊ ဒီလို နိုင်ငံခြားအင်အားကြီးနိုင်ငံတွေက ဝင်ရောက်ညွှန်ကြားတာကိုလက်ခံနေတဲ့ အော်ဘန်ကို ဟန်ဂေရီ မျိုးချစ်စိတ် ရှိသူတွေက သူတို့တိုင်းပြည်ရဲ့ “ အချုပ်အခြာအာဏာ” ကို ထိပါးတယ်လို့ မြင်လာ ကြပါတယ်။
ဒီလိုဘဲမင်းအောင်လှိုင်ဟာ အာဆီယံ လမ်းပြမြေပုံ (၅)ချက်ကို သဘောတူ လက်မှတ်ရေးထိုး ပေးခဲ့ပေမဲ့ လက်တွေ့အကောင်အထည်မဖော်ခဲ့တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဒေါသထွက်စေခဲ့ပါတယ် ဒါကြောင့် အဖွဲ့ဝင်အခွင့်အရေးအပြည့်အဝမရရှိတော့ဘဲ နိုင်ငံကိုယ်စားလှယ်များအဆင့်မှာ နှိမ့် ဆက်ဆံခံနေရပြီး အထီးကျန်ဆန်နေရပါတယ်။ မင်းအောင်လှိုင်သမတတက်လုပ်လာတဲ့အခါသူ့လိမ်ညာမှုဟာပိုထင်ရှားသွားပြီးအာဆီယံကို မထီမဲ့မြင်လုပ်သလိုဖြစ်ခဲ့ပါတယ်။ တရုတ်အကူအညီနဲ့ လက်ကလားရှိုးသိန္နီ၊ ကွတ်ခိုင်မြို့ ကိုပြန်ရသလို TNLA လက်ထဲက နမ့်ဆန်မြို့ နဲ့ ကျောက်မဲမြို့ တို့ကိုပြန်ရခဲ့တာကို မြန်မာမျိုးချစ်တွေက တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိပါးတယ် တရုတ်လွှမ်းမိုးမှု အောက် ရောက်နေတယ် မြင်ကြပါတယ် အနောက်အုပ်စုကလဲ သူသမ္မတတက်လုပ်တာကို အသိအမှတ်မပြုပါဘူး။
၃။ နှစ်နိုင်ငံစလုံးမှာ ပြည်တွင်း စီးပွားရေးနှင့် လူမှုရေး ကျဆင်းမှုက အဓိက အချက် ဖြစ်ပါတယ်
တကယ်တော့ အော်ဘန် ရှုံးရတဲ့ အကြီးမားဆုံး အကြောင်းရင်းက ပြည်တွင်း စီးပွားရေး ကျဆင်းမှု ပါပဲ။
စီးပွားရေးကျဆင်းတာဟာ ဟိုအကြောင်းကြောင့်ဖြစ်တယ် ဒီအကြောင်းကြောင့် ဖြစ်တယ်ဆိုပြီး ရန်သူတယောက်ပြီး တယောက်ရှာဖွေ ပြီး အကြောင်းပြနေခြင်းဟာ နောက်ဆုံး ပြစရာမရှိတော့ဘဲ လမ်းဆုံးသွားခြင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ သူဟာ အမြဲတမ်း ရန်သူအသစ်တွေကိုရှာဖွေနေခဲ့ပါတယ် (ဥပမာ- ဘီလီယံနာသူဌေးကြီးဂျော့ချ် ဆိုရော့စ်၊ EU၊ LGBTQ) တို့ကိုပစ်မှတ်အဖြစ် ထား ပြီး လူထုကို အာရုံလွှဲခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့
ဟန်ဂေရီရဲ့ စီးပွားရေးနဲ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာ၊ ကုန်ဈေးနှုန်း တက်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်စီးနေတာတွေကို အော်ဘန်က မဖြေရှင်း နိုင်ဘဲ နိုင်ငံခြားရေး အန္တရာယ်တွေရှိတယ်လို့ပဲ အော်နေပြီး မျိုးချစ်စိတ်ကိုမြှင့်တင်နေတာက မဲဆန္ဒရှင်တွေကို စိတ်ပျက်စေပြီး အတိုက်အခံကိုအားပေးဖို့ စိတ်ပြောင်းလဲ စေခဲ့ ပါတယ်။
မြန်မာစစ်အုပ်စုကတော့ အနောက်နိုင်ငံတွေနဲ့ပြည်တွင်းကဆန့်ကျင်နေသူတွေ၊ တိုင်းရင်းသား ပြည်နယ်တွေက သူတို့ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတဲ့EROs တွေကို လက်ညှိုးထိုးပြီး တိုင်းပြည်မတိုးတက်တာ သူတို့ကြောင့်လို့ဆင်ခြေပေးလာတာ ၁၉၆၂ခုနှစ် ကစပြီး နှစ်ပေါင်း၇၀နီးပါး ရှိလာတဲ့အခါ စစ်အုပ်စုအဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ကျန်းမာရေး လူမှုရေး ပညာရေးအခြေအနေ ဆိုးရွားလာတာ၊ ကုန်ဈေးနှုန်း အဆမတန် တက်လာတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်စီးနေတာတွေကို မဖြေရှင်း နိုင်ဘဲ တိုင်းပြည်မွဲသထက်မွဲလာပြီး စစ်ဗိုလ်ချုပ်တွေကြွယ်ဝ သထက်ကြွယ် ဝချမ်းသာ လာတာနောက်ဆုံးပြည်သူတင်တဲ့ အစိုးရကို စစ်အင်အားသုံး ဖြုတ်ချအာဏာသိမ်းတာတွေကို ပြည်သူလူထုကြီးက တွေ့မြင်ပြီး သည်းမခံနိုင်တော့ တာကြောင့် ပေါက်ကွဲဆန့်ကျင်ပြီး တော်လှန်ရေး ဖြစ်လာတာဖြစ်ပါတယ်။
၄။ အတိုက်အခံတွေ စည်းလုံးသွားခြင်း
အရင်က အတိုက်အခံတွေက အကွဲကွဲအပြားပြား ဖြစ်နေလို့ အော်ဘန် နိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတစ်ခါမှာတော့ ပီတာ မာဂျာ (Péter Magyar) ဦးဆောင်တဲ့ တစ္စပါတီ အောက်မှာ အတိုက်အခံတွေ စုစည်းမိသွားတာက အော်ဘန်အတွက် အကြီးမားဆုံး အင်အားရွေ့ ပြောင်းသွားမှု တခု အဖြစ်ထိုးနှက်ခံလိုက်ရပြီး ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာက စစ်အုပ်စုကရွေးကောက်ပွဲနဲ့အနိုင်မရနိုင်တဲ့အခါ အာဏာသိမ်းပြီး သူတို့အာဏာပြန်ရအောင်ဖန်တီးတာကို ပြည်သူတွေက တညီတညွတ်တည်းထပြီး တော်လှန်ကြလို့ ၁၉၆၂ခုနှစ်ကလိုလွယ်လွယ်ကူကူနဲ့ အာဏာသိမ်းမရဘဲ စစ်တပ်အနေနဲ့ တခါဘူးမျှ မကြုံဘူးတဲ့လူထုရဲ့ နွေဦးတော်လှန်ရေးကိုရင်ဆိုင်ခဲ့ရတာပါ၊ ဒီနေရာမှာ ဟန်ဂေရီနဲ့မတူတာက အတိုက်အခံတွေက သူတို့မညီညွတ်လို့ သူတို့ကိုအော်ဘန်က နိုင်ခဲ့တာကိုသတိပြုမိပြီး စည်းလုံးစွာပေါင်းစည်းကြတဲ့အတွက် အင်အားစုကြီးဖြစ်လာပြီး အနိုင်ရခဲ့ကြပေမဲ့ မြန်မာပြည်မှာက တော်လှန်ရေးကိုဦးဆောင်နေတယ်ဆိုတဲ့ NUG က တော်လှန်ရေးအင်အားစုတွေကို မစုစည်းဘဲ တိုက်ခိုက်ဖြိုခွဲနေတာကြောင့် တော်လှန်ရေးက ရှေ့မရောက်ဘဲ နောက်ပြန်ဆွဲနေတဲ့သဘောကိုတွေ့လာရတာဖြစ်တယ်။ ဒီအချက်ဟာ မင်းအောင်လှိုင်အတွက် အကြီးအကျယ်အမြတ်ထွက်စေခဲ့သလို အာဏာကို ပြန်လည် တည်ဆောက် နိုင်တဲ့အခွင့်အရေးကိုပေးခဲ့တယ်။
ဟန်ဂေရီဟာ ပူတင်ကို ရင်းနှီးစွာထောက်ခံမှုကြောင့် အနောက်အုပ်စုနဲ့ ဝေးကွာသွားတာဟာ နိုင်ငံတကာမှာ သိက္ခာကျစေသလို၊ ပြည်တွင်းက စီးပွားရေး ကျဆင်းမှုကို နိုင်ငံခြားရေး ရန်သူတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကို ထပ်ခါထပ်ခါပေးပြီး ပြည်သူကို ဂျင်းထည့် စည်းရုံး ချောက်လှန်နေတဲ့ ပုံပြင်ဟောင်းကြီးလမ်းဆုံးသွားတာကြောင့် ပြည်သူ့ထောက်ခံမှု မရတော့တာ ဖြစ်ပါတယ်။
အလားတူ မြန်မာစစ်အုပ်စုဟာ တရုတ်ရဲ့အားပေးထောက်ခံမှု၊ ရုရှားရဲ့စစ်ရေး အကူအညီတွေ ကြောင့် အနောက်အုပ်စုနဲ့ပိုဝေးကွာသွားခဲ့သလို မြောက်ပိုင်းညီနောင်တွေ သိမ်းထားတဲ့ နယ်မြေတွေကိုလည်းပြန်ရဖို့ တရုတ်အားကိုးရတဲ့ဘဝရောက်ခဲ့တဲ့အတွက် ပြည်တွင်းက ပြည်သူတွေ အကြားမှာဂုဏ်သိက္ခာကျဆင်းခဲ့ရသလို စီးပွားရေးကျဆင်း နေတာကို မိမိကအကြမ်းဖက် အာဏာသိမ်းတာကြောင့်လို့မမြင်ဘဲ မတရားမှုကို တော်လှန်နေတဲ့ တော်လှန်ရေး အဖွဲ့တွေကိုလက်ညှိုးထိုး၊ အနောက်အုပ်စုကို လက်ညှိုးထိုးပြီး ပြည်သူကို လိမ်လည် ပြောကြားနေတာကို ပြည်သူ့ကလက်မခံတာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲအပြောင်းအလဲက ဟန်ဂေရီအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မျှော်လင့်ချက်အသစ် ဖြစ်လာနိုင်မလားလို့ မေးရင် ဖြစ်နိုင်ခြေရှိပေမဲ့ အတော်ကြိုးစား ရမဲ့သဘောရှိပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ စစ်အစိုးရကနေ အရပ်သားအစိုးရ အသွင်အရေခွံချွတ်ပြောင်းလဲပြပေမဲ့ ကုလားကြီးနဲ့အရာကြီးလိုအတူတူဘဲ ဖြစ်တဲ့အတွက် လွတ်လပ်တဲ့ရွေးကောက်ခံအစိုးရဖြစ်တယ်လို့ တဖက်သတ်ကြွေးကျော်ထားပေမဲ့ လူထုထောက်ခံမှုရှိတဲ့ အစိုးရဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားယူရမယ်လို့မြင်ပါတယ်။
အခုလောလောဆယ်ဆယ် သမတဦးဝင်းမြင့်ကိုလွှတ်ပြီး ဒေါ်အောင်ဆန်းကြည်ကို မလွှတ်တာကိုကြည့်ရင် မင်းအောင်လှိုင်အနေနဲ့ သူသမတအဖြစ် ရအောင်မတရား လုပ်ယူထားပေမဲ့ သူ့ရာထူးအခြေအနေက လုံခြုံမှုမရှိသေးကြောင်း သူ့ကိုထောက်ခံသူ တွေဟာ လူနည်းစုသာဖြစ်ကြောင်းကိုယ်တိုင်သိနေလို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါဟာ သူ့ရပ်တည်ရေးကို ဆက်လက်ချိမ်းခြောက်မှု ရှိနေသေးတယ်ဆိုတဲ့ မလုံခြုံတဲ့ စိတ်ခံစားမှုရှိနေတာ သိသာစေတဲ့အချက်ဖြစ်ပါတယ်။
ဟန်ဂေရီမှာ အစိုးရတစ်ရပ် ပြောင်းလဲသွားရုံနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ အမြစ်တွယ်ခဲ့တဲ့ စနစ်တစ်ခုကို ရွေးကောက်ပွဲနိုင်ရုံနဲ့ ဖျက်သိမ်းဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။
ထို့အတူ မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ်ကစပြီးအမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ဟာ အခုဆိုရင် နှစ်ပေါင်း ၆၄နှစ်ရှိနေတဲ့အတွက် ဟန်ဂေရီထက် အဆများစွာ ကြာအောင် အမြစ်တွယ် နေခဲ့သလို စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ နိုင်ငံရေးအပေါ်စီးရယူထားမှုတို့က ဟန်ဂေရီထက် ပိုမိုပြင်းထန်ပါတယ်။အတိုက်အခံမှန်သမျှရှင်သန်ခွင့်မပေးတဲ့ တင်းမာတဲ့ လမ်းစဥ်လဲ ရှိတာကြောင့်တကြောင်း၊ အတိုက်အခံလုပ်တဲ့ နိုင်ငံရေးအင်အားစုတွေ မညီညွတ်တာ တကြောင်းကြောင့် မြန်မာရဲ့ဒီမိုကရေစီ အသွင်ပြောင်းလဲမှုဟာ ပိုလို့ခက်ခဲမှာဖြစ်ပါတယ်။
ဒီနေရာမှာ အဓိက စိန်ခေါ်မှုကြီး (၂) ခုကို မြင်နိုင်ပါတယ်-
၁။ “ နိုင်ငံတော်အတွင်းက နိုင်ငံတော်” (Deep State) နဲ့ အကျင့်ပျက်ခြစားမှု Corruptionဖြစ်ပါတယ်။
အော်ဘန်ဟာ ၁၆ နှစ်တာကာလအတွင်းမှာ အစိုးရယန္တရားတင်မကဘဲ တရားရုံးတွေ၊ မီဒီယာတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုပါ သူ့လူတွေနဲ့ အခိုင်အမာ တည်ဆောက်ခဲ့တာပါ။
ထို့အတူ မြန်မာစစ်တပ်ဟာလည်း အစိုးရယန္တရားတင်မကဘဲ တရားရုံးတွေ၊ မီဒီယာတွေနဲ့ စီးပွားရေးလုပ်ငန်းကြီး ဦးပိုင်လီမီတက် (ဦးပိုင်) Myanma Economic Holdings Public Company Limited (MEHL)နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)Myanmar Economic Corporation (MEC) တွေကိုပါ သူ့လူတွေနဲ့ အခိုင်အမာ တည်ဆောက်ခဲ့တာ ခြင်းကလည်း တူနေပါတယ်။မတူတာက စစ်အုပ်စုဟာ တရုတ်အကူအညီနဲ့ မြို့ရွာတွေကို စိုးမိုးထားနိုင်ပြီး သူတို့ဟာဟန်ပြ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရအဖြစ်ဆက်လက် ရပ်တည်နေနိုင်ပြီး အော်ဘန်ဟာ ရွေးကောက်ပွဲရှုံး နိမ့်ခဲ့ပြီး အာဏာလက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်။
ဗျူရိုကရေစီ ယန္တရားကိုနှိုင်းယှဥ်ကြည့်မယ်ဆိုရင်။ ဌာနဆိုင်ရာ အကြီးအကဲ အများစုဟာ အော်ဘန်ရဲ့ ဖီဒက်စ် (Fidesz) ပါတီအပေါ် သစ္စာခံသူတွေ ဖြစ်နေနိုင်ပါတယ်။ သူတို့က အစိုးရသစ်ရဲ့ မူဝါဒတွေကို တိတ်တဆိတ် ပိတ်ဆို့တာ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်မှု မလုပ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဌာနဆိုင်ရာ အကြီးအကဲ အများစုဟာ မင်းအောင်လှိုင်နဲ့ ကြံခိုင်ရေး ပါတီအပေါ် သစ္စာခံသူတွေ ဖြစ်နေနိုင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလည်း စစ်အစိုးရလက်ထက်ကသံအမတ်တွေ၊ ညွှန်မှူးတွေကိုဆက်လက်ခန့်ထားခဲ့တာကြောင့် သူတို့က အစိုးရသစ်ရဲ့ မူဝါဒတွေကို တိတ်တဆိတ် ပိတ်ဆို့တာ ဒါမှမဟုတ် ပူးပေါင်း ဆောင်ရွက်မှု မလုပ်တာမျိုးတွေကို ၂၀၁၅-၂၀၂၀ အတွင်းမှာNLD အစိုးရအနေနဲ့ ကြုံတွေ့ ခဲ့ရပြီးဖြစ်ပေမဲ့ အခု မင်းအောင်လှိုင်ရဲ့ အရေချွတ်အသွင်ပြောင်း စစ်တပိုင်းအစိုးရမှာတော့ ဒီလိုအတွင်းက ဗြူရိုကရက်တွေက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးမဲ့ သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြူရိုကရေစီ ယန္တယားအတွင်းက ညွှန်မှူး အများစုက စစ်ဗိုလ်လူထွက် တွေဖြစ်နေတာကြောင့် စစ်အသွင်ပြောင်း အစိုးရ အတွက် အခက်အခဲမရှိနိုင်ပါဘူး။ ဒါပေမဲ့ မကောင်းတဲ့အကျိုးဆက်တခုက ဒီဗြူရိုကရက်တွေ အတွင်းမှာအကျင့်ပျက်ခြစားမှုတွေနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပါတယ် ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့ဌာနတွင်း အကျင့်ပျက်ခြစားမှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင် နိုင်ပါ့မလားဆိုတာမေးခွန်းထုတ်စရာဖြစ်ပါတယ်။
စီးပွားရေး လက်ဝါးကြီးအုပ်မှု။ အော်ဘန်နဲ့ နီးစပ်တဲ့ ခရိုနီ (Oligarchs) တွေက နိုင်ငံရဲ့ အဓိက အရင်းအမြစ်တွေကို ထိန်းချုပ်ထားဆဲမို့ အစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါ ဒီလူတွေရဲ့ ခုခံမှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရပါလိမ့်မယ်။ မင်းအောင်လှိုင် ကတော့ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးနဲ့ ခရိုနီတွေနဲ့ဆက်လက် စီးပွါးရေးကို လုပ်ဆောင် နိုင်မဲ့ အခြေအနေရှိနေပါတယ်။ သူ့စီးပွားရေးပေါ်လစီကို ခရိုနီတွေက ဆန့်ကျင် တာ ထက် ဝိုင်းဝန်း အားပေး ထောက်ခံကြမဲ့ သဘောရှိပါတယ်။ စီးပွားရေးတရားမျှတမှုလိုပါတယ် ဥပမာ – ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ်တွေ ကျင့်သုံးတာ၊ တန်းတူညီမျှလုပ်ပိုင်ခွင့်တွေ လိုင်စင်တွေချပေးတာမျိုး ၊ ရုံးလုပ်ငန်းတွေမှာလူတွေ့ဆက်ဆံရေးထက် အွန်လိုင်းကနေ ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးစနစ်တွေ ဖော်ဆောင်တာမျိုးတွေနဲ့ ပြောင်းလဲရဖို့လိုပါတယ်။
၂။ နိုင်ငံခြားဩဇာလွှမ်းမိုးမှု
ဟန်ဂေရီရဲ့ အထက်တန်းလွှာ (Elite) အချို့ကြားမှာ ရုရှားရဲ့ သြဇာက အတော်လေး နက်ရှိုင်းပါတယ်။ရုရှားအကြိုက် အော်ဘန်ဟာယူကရိန်းကို နိုင်ငံရန်သူ အဖြစ်ပုံဖော် ပေးခဲ့သလို နေတိုးအပေါ်ကိုလည်းအနေစိမ်းခဲ့ပါတယ်။
မြန်မာစစ်အုပ်စုအပေါ် ရုရှားရဲ့သြဇာလွှမ်းမိုးမှုရှိပေမဲ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်ရဲ့သြဇာ လွှမ်းမိုးမှုကစစ်အုပ်စုအပေါ်ပိုမိုနက်ရှိုင်းစွာရှိနေသလို မြောက်ပိုင်း ရှမ်းပြည်ဟာ တရားဝင် မဟုတ်ပေမဲ့ တရုတ်သြဇာခံနယ်မြေတွေအဖြစ် ၂၀၂၂နောက်ပိုင်းမှာ ထင်ထင်ရှားရှား ပြောင်းလဲ သွားခဲ့ပါတယ်။ MNDAA UWSA တို့ဟာ မင်းအောင်လှိုင်ရဲ့ သြဇာခံတွေမဟုတ်ဘဲ၊ တရုတ်သြဇာခံတွေအဖြစ် ယနေ့အချိန်မှာ ထင်ထင်ရှားရှားမြင်နိုင်သလို TNLA တခုသာ တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် နောက်ဆုံးတရုတ်အလိုကျ မင်းအောင်လှိုင် သမတ တက်လုပ်တာကို လက်ခံလိုက်ရတာလို့တွေ့ရပါတယ်။ TNLAဒီလိုလုပ်ရတာ သူ့ရှင်သန် ရပ်တည်ရေးအတွက်ဖြစ်တာကို နားလည်သဘောပေါက်ဖို့လို့ပါတယ်။
သတင်းအချက်အလက်ဝါဒဖြန့်ချီရေး စစ်ပွဲတွေအဖြစ် ဟန်ဂေရီမှာ ရုရှားနဲ့ နီးစပ်တဲ့ အုပ်စုတွေက ဟန်ဂေရီ အစိုးရသစ် အပေါ် လူထုအထင်အမြင် လွဲမှားအောင် ဝါဒဖြန့်တာတွေ၊ အတွင်းကျကျ ထောက်လှမ်းတာတွေကို ဆက်လုပ်နေနိုင်ပါတယ်။
ဆန့်ကျင်ဖက်အဖြစ် မြန်မာနိုင်ငံမှာမင်းအောင်လှိုင်ရဲ့ အတုအယောင် အစိုးရဟာ လူထုအထင်အမြင် လွဲမှားအောင် တော်လှန်ရေးအုပ်စုတွေကို မဟုတ်မမှန်ဝါဒဖြန့်တာတွေ၊ သူတို့မွေးထားတဲ့ သတင်းဌာန အတုအယောင်တွေနဲ့ အတွင်းကျကျ ထောက်လှမ်း တာတွေ ကို ဆက်လုပ်ပြီး တော်လှန်ရေးကို ချိ့နဲ့အောင်လုပ်နေမှာ ဖြစ်ပါတယ်။
အစိုးရသစ်အတွက် ထွက်ပေါက်ရှိသလား?လို့မေးရင်
ခက်ခဲပေမယ့် ဟန်ဂေရီမှာ ပီတာ မာဂျာ (Péter Magyar) အတွက် အားသာချက်အချို့ ရှိနေပါတယ်-
EU ရဲ့ အကူအညီ။ အော်ဘန်လက်ထက်မှာ ပိတ်ပင်ထားတဲ့ ယူရို ဘီလီယံနဲ့ချီတဲ့ EU ရန်ပုံငွေတွေဟာ အစိုးရသစ် တက်လာရင် ပြန်ပွင့်လာနိုင်ပါတယ်။ ဒါက စီးပွားရေးကို အသက်ရှူချောင်စေပါလိမ့်မယ်။
မြန်မာနိုင်ငံမှာအမေရိကန်ကထိန်းသိမ်းအေးခဲထားတဲ့မြန်မာပိုင်ငွေဘီလီယံကျော်ကိုဆက်လက်ပြီးအေးခဲထားမယ်လို့ယူဆရပါတယ် ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်ဟာ အမှန်တကယ် ရွေးကောက်ခံရပြီး ဖြစ်လာတဲ့အစိုးရ မဟုတ်တာကို အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေကသိပါတယ်။ တဖက်မှာလည်း NUG ဟာလည်း လက်နက်ကိုင် တော်လှန်ရေးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်သလိုတော်လှန်ရေးအစု အဖွဲ့တွေကို မစည်းရုံးနိုင်ပါဘူး၊ EROs တွေကိုလည်းမစည်းရုံးနိုင်တဲ့အတွက် နိုင်ငံခြားအစိုးရတွေက လက်ခံတဲ့အစိုးရဖြစ်မလာသလို အေးခဲထားတဲ့ ငွေတွေကိုထုတ်မယူနိုင်ပါဘူး
ခြုံငုံသုံးသပ်ရရင်၊ ဟန်ဂေရီနဲ့ မြန်မာပြည် အနာဂတ်ဟာ “ ရွေးကောက်ပွဲနိုင်ရုံ” နဲ့တင် မပြီးဘဲ၊ အမြစ်တွယ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေကို ဘယ်လောက်အထိ ရဲရဲဝံ့ဝံ့ ခွဲစိတ် ပြုပြင် ပြောင်းလဲ နိုင်မလဲ ဆိုတာအပေါ်မှာပဲ မူတည်နေပါတယ်။
ဒီလို အခြေအနေမျိုးမှာ အစိုးရသစ်အနေနဲ့ အရင်ဆုံး ဘယ်ကဏ္ဍကို အရင် ပြုပြင်သင့်တယ် ဥပမာ- တရားစီရင်ရေးလား ဒါမှမဟုတ် မီဒီယာ လွတ်လပ်ခွင့်လား။ တရားစီရင်ရေးနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာဟာ ဒီမိုကရေစီရဲ့ မဏ္ဍိုင်တွေဖြစ်သလို၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲပြုနေကြတာပါ။
အဲ့ဒီလိုဘဲမင်းအောင်လှိုင်ကလည်းတိုင်းပြည်မှာအစိုးရအဆက်ဆက်မချေဖျက်နိုင်တဲ့အကျင့်ပျက်ခြစားမှု၊ အထက်အောက်ဗြူရိုကရေစီ ယန္တရားတခုလုံး ခြစားနေတာကို ပြုပြင်ပြောင်းလဲ ပစ်ချင်ရင် စစ်အစိုးရ အဆက်ဆက်ခန့်အပ်ထားတဲ့လူတွေ အားလုံးနီးပါးကို ထုတ်ပယ်ပစ်ရမှာ ဖြစ်လို့ သူကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ခြစားမှုကိုပြုပြင်နိုင်ဖို့မဖြစ်နိုင်ပါဘူး
၁။ တရားစီရင်ရေး၏ အခန်းကဏ္ဍ (The Shield)
တရားစီရင်ရေးဟာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာ “ ဒိုင်း” တစ်ခုလိုပါပဲ။
ဥပဒေအထက်မှာ မည်သူမျှမရှိစေရဆောင်ပုဒ်အရ ဟန်ဂေရီမှာ အော်ဘန် ခန့်အပ်ထားတဲ့ ဗျူရိုကရက်တွေနဲ့ ခရိုနီတွေ ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို အရေးယူဖို့အတွက် ဘက်လိုက်မှုကင်းတဲ့ တရားသူကြီးတွေ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီလိုလုပ်ဖို့မျှော်လင့်ချက်မရှိပါဘူး၊ မင်းအောင်လှိုင် အလိုကျ လက်ညှိုးထောင် ခေါင်းညိတ်မဲ့ တရာသူကြီးတွေ ဥပဒေသတ်မှတ်ချက်တွေကတခြား အမိန့်ချမှတ်တာက အထက်အုပ်ချုပ်ရေးပိုင်းက လိုချင်တဲ့အတိုင်းချပေးတဲ့ ပြစ်ဒဏ် ပေးခြင်းမျိုးသာ ဆက်လက်ကြီးစိုးနေဖို့ရှိပါတယ်။ ၂၀၀၈ခြေဥအရ အာဏာသိမ်း ပါတယ်ဆိုပြီးလိမ်တဲ့သူက သမတအဖြစ်ခံယူထားတဲ့ အုပ်ချုပ်ရေးမှာ တရားဥပဒေ ဆိုတာလိုက်နာစရာမလိုဘဲ အာဏာရှိသူကသာ တရားဥပဒေ အထက်မှာ ရှိနေမှာဖြစ်တယ်၊
၂။ လွတ်လပ်တဲ့ မီဒီယာ ဟာတိုင်းပြည်အတွက်အရေးကြီးပါတယ်
သတင်းမီဒီယာဆိုတာ မှောင်ခိုခြစားမှုတွေကို အလင်းပြပေးတဲ့ “ မီးမောင်း” တခု ပါပဲ။
လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်သူ (Watchdog)တွေ နိုင်ငံတွင်းမှာ လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့လိုပါတယ် အစိုးရဌာနတွေထဲမှာ ဘယ်သူတွေက ရုရှားနဲ့ ဆက်သွယ်နေလဲ၊တရုတ်နဲ့ဆက်သွယ်နေလဲ ဘယ်သူတွေက ဘတ်ဂျက်တွေကို ခိုးယူနေလဲဆိုတာကို ပြည်သူ သိအောင် ဖော်ထုတ် ပေးနိုင်ပါတယ်။
ဟန်ဂေရီနိုင်ငံမှာ လွတ်လပ်တဲ့မီဒီယာတွေရှိပြီး ပိုပြီးအားကောင်းလာအောင် အစိုးရနဲ့ အင်ဂျီအိုများက နှောင်ကြိုးမဲ့ ထောက်ပံ့အားပေးဖို့လိုပါတယ် ။
မြန်မာနိုင်ငံမှာလွတ်လပ်တဲ့မီဒီယာတွေအသက်မရှင်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ အစိုးရအဖွဲ့ဆိုတာ တော်လှန်ရေးအင်အားစုတွေပတ်လည်ဝိုင်းခံထားရတဲ့ အစိုးရ ဖြစ်နေတာကြောင့် သူတို့ အုပ်ချုပ်ရေးကို ထိခိုက်မဲ့ သတင်းတင်ဆက်သူတွေကို ဆက်လက် ဖိနှိပ် ဖမ်းဆီးနေမှာ ဖြစ်တယ်လို့ မြင်ပါတယ် သတင်းလွတ်လပ်ခွင့်ဆိုတာ ပေးရဲတဲ့ အနေအထားမှာ မရှိပါဘူး
အော်ဘန်ရဲ့ ဖီဒက်စ် (Fidesz) ပါတီဟာ နိုင်ငံပိုင် မီဒီယာတွေကို အသုံးချပြီး ပြည်သူတွေကို သတင်းမှားတွေနဲ့ ထိန်းချုပ်ထားခဲ့တာပါ။ လွတ်လပ်တဲ့ သတင်းစီးဆင်းမှုရှိမှသာ လူထုက အမှန်နဲ့ အမှားကို ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။ထို့အတူ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်ဟာလည်းသတင်းမှားတွေ ဝါဒဖြန့်သတင်းတွေနဲ့ပြည်သူကိုထိန်းချုပ်လာခဲ့တာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်
ရှိရမဲ့ တရားရေးဌာနအနေအထား
တရားရေးဌာနဟာ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ ခိုင်လုံတဲ့ သက်သေ အထောက်အထားပေါ်မှာပဲ အခြေခံရပါလိမ့်မယ်။ အော်ဘန်ရဲ့ လူယုံဖြစ်ခဲ့လို့ အပြစ်ပေး တာမျိုးထက်၊ နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့ကြောင်း သက်သေပြနိုင်မှသာ အပြစ်ပေးတာမျိုးက ပြည်သူ့ကြားမှာရော နိုင်ငံတကာမှာပါ တရားဝင်မှု (Legitimacy) ရစေပါတယ်။ တရားရုံးတွေမှာ လူထုနားထောင်နိုင်တဲ့ လွတ်လပ်ပွင့်လင်းတဲ့ တရားခွင်ကနေ စစ်ဆေးမေးမြန်းမှုတွေရှိဖို့လိုပါတယ် အကျဥ်းရုံးတရားစီရင်မှုတွေဆိုတာ မတရားစီရင်မှု တွေကို ဖြစ်စေတာဖြစ်ပါတယ်
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြန်လည်ကုစားမှု (Restorative Justice)
အမှားလုပ်ခဲ့သူတိုင်းကို ဝေဖန်ထောက်ပြသူတိုင်း အတိုက်အခံတိုင်း ကို ထောင်ထဲထည့် လိုက်ရုံနဲ့ တိုင်းပြည်က တိုးတက်လာမှာမဟုတ်ပါဘူး။ – အပြစ်ရှိသူကို အပြစ်ပေးရုံ တင်မကဘဲ နောက်ထပ် ဒီလိုခြစားမှုမျိုးတွေ မလုပ်နိုင်အောင် “ စနစ်” ကိုပါ ပြင်ဆင်ဖို့ လိုပါတယ်။ ဥပမာ – ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ်တွေ ကျင့်သုံးတာ၊ ဒစ်ဂျစ်တယ် အုပ်ချုပ်ရေးစနစ်တွေ ဖော်ဆောင်တာမျိုးတွေပါ။
စီးပွားရေး ဆက်လက်လည်ပတ်စေခြင်း။ အော်ဘန်နဲ့ နီးစပ်တဲ့ ကုမ္ပဏီကြီးတွေကို ပိတ်ပစ် လိုက်ရင် အလုပ်လက်မဲ့ဦးရေ များလာနိုင်ပါတယ်။ အဲဒီအစား စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲ စေပြီး ဒဏ်ကြေးပေးဆောင်စေကာ လုပ်ငန်းတွေကို ဆက်လက်လည်ပတ်စေခြင်းက ဟန်ဂေရီရဲ့ စီးပွားရေး မကျဆင်းအောင် ဆက်လက်ထိန်းထားပြီး ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေကို ပေးအပ်ခြင်းက စီးပွားရေးကိုပြန်လည်ဦးမော့လာစေနိုင်ပါတယ်။
မင်းအောင်လှိုင်အနေနဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လျော့ချဖို့ဖြစ်လာမယ် မထင်ပါဘူး စစ်တပ်ပိုင်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့သားသမီးတွေ ပိုင်လုပ်ငန်းတွေ စစ်အုပ်စုနဲ့ အကျိုးတူလုပ်နေတဲ့ခရိုနီတွေပိုင်လုပ်ငန်းတွေဟာမြန်မာပြည်မှာရောရှက်ပူးတွဲနေတဲ့အတွက်သုံးပင်လိမ်စီးပွားရေးတွေဖြစ်နေပြီးခွဲခြားနိုင်ဖို့ခက်ပါတယ်၊ ဒါကြောင့်ပြည်တွင်းစစ်ကလဲ ဆက်လက်ရှိနေတဲ့ အတွက် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာဖို့အရေးမှာ တော်လှန်ရေးအင်အားစုတွေနဲ့စေ့စပ်ဆွေးနွေးနိုင်ဖို့လိုပါတယ်၊ မင်းအောင်လှိုင်အနေနဲ့ စတင်ကမ်းလှမ်းလာနိုင်ပါတယ် ဒီလိုကမ်းလှမ်းချက်ဟာ ရိုးသားပွင့်လင်းပြီး တကယ်ငြိမ်းချမ်း စေချင်တဲ့ စိတ်ဆန္ဒရှိဖို့လိုပါတယ်၊
“ တရားမျှတမှုဆိုတာ မျက်မမြင်ဖြစ်ရမယ်” လို့ ဆိုကြပါတယ်။ ဆိုလိုတာက ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဥပဒေအတိုင်းပဲ လုပ်ဆောင်ရမှာပါ။
အငြိုးအတေးကို ဘေးဖယ်ပြီး “ အမျိုးသားအကျိုးစီးပွား” ကို ရှေ့တန်းတင်နိုင်မယ်ဆိုရင် ဟန်ဂေရီဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းတဲ့နေရာမှာ ကမ္ဘာ့အတွက် စံပြနိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်အာဏာတည်မြဲရေးထက် နိုင်ငံအေးချမ်းတိုးတက်ဖွံ့ဖြိုးရေးကို တကယ်ရှေ့တန်း တင်ချင်တယ်ဆိုရင် ပြည်သူတွေ တောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေကို သူ့ဂတိပေးထားတဲ့အတိုင်း လွှတ်တော်ထဲမှာ လူများစုကို ပိုင်ဆိုင်ထားတဲ့ သူ့အနေနဲ့ သူ့သက်တမ်းအတွင်းမှာ ရေးဆွဲနိုင်တဲ့အတွက် တကယ်ပဲ သူမှာဖက်ဒရယ် ဒီမိုကစေစီစနစ်ကို လိုလားတယ်ဆိုတာသက်သေပြရမဲ့အချိန်လို့မြင်ပါတယ်။
စာဖတ်ပိရိဿတ်အနေနဲ့ ဒီလို “ အမျိုးသားရင်ကြားစေ့ရေး” လုပ်ငန်းစဉ်မှာ အတိုက်အခံ ခေါင်းဆောင် ပီတာ မာဂျာ အနေနဲ့ အော်ဘန်ရဲ့ ထောက်ခံသူဟောင်းတွေကိုရော စည်းရုံး သိမ်းသွင်းနိုင်စွမ်း ရှိလိမ့်မယ်လို့ နားထောင်နေတဲ့ ပရိဿတ်က ထင်ပါသလား? ထို့အတူမင်းအောင်လှိုင်ကလဲ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ပြေငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီခြေဥကိုရေးဆွဲမယ်လို့ သင်ထင်ပါသလား?
နိဂုံး) နိဂုံးချုပ်အနေနဲ့ ပြောရရင် “ အမှောင်ထုထဲမှာ ဒီမိုကရေစီဟာ သေဆုံးတတ်တယ်” ဆိုတဲ့ စကားအတိုင်းပါပဲ။ လွတ်လပ်တဲ့ မီဒီယာနဲ့ တရားမျှတတဲ့ စနစ်မရှိရင် ကျွန်တော်တို့ နောင်တခေတ်ဟာလည်း အရင်လိုပဲ မှောင်နေဦးမှာပါ။ ဟန်ဂေရီက သင်ခန်းစာကတော့ ဘယ်လောက်ပဲ အမြစ်တွယ်နေတဲ့ အာဏာရှင်ဖြစ်ပါစေ ပြည်သူတွေ တကယ်စည်းလုံးရင် ဖြုတ်ချလို့ ရတယ်ဆိုတာပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေလည်း အငြိုးအတေးတွေကို ဘေးဖယ်ပြီး အမျိုးသား အကျိုးစီးပွားအတွက် တကယ်စည်းလုံးကြမယ်ဆိုရင် အာဏာရှင်စနစ် နိဋ္ဌိတံဖို့ မဝေးတော့ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ထွန်းအောင်ကျော်။








