ဧပြီလ (၂၂)ရက်။
တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ဗိုလ်ကြီးအဆင့်အထိ လေသူရဲ၊ နည်းပြလေသူရဲ၊ စစ်ဦးစီးမှူး(တတိယတန်း)တာဝန်တွေ ထမ်းဆောင်ခဲ့သလို အရင်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့ မိသားစုကိုယ်ရံတော်အရာရှိအနေနဲ့ တာဝန်ပေးအပ်ခံရပါတယ်။
အခုလို လေတပ်ဦးစီးချုပ်သစ် ခန့်အပ်တာဟာ တပ်ချုပ်ဖြစ်လာတဲ့ ရဲဝင်းဦး လက်ထက် အရေးကြီးတဲ့ စစ်ဘက်ထိပ်တန်းရာထူးနေရာ အပြောင်းအလဲဖြစ်ပါတယ်။
နောက်ပြီး အရင်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမည်ခံအစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ် လုပ်ဆောင်နေကာ အခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကနေ ဧပြီလ (၂၂)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၃၇)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








