ဧပြီလ (၂၃)ရက်။
မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့ KNLA တပ်ရင်း(၁၂)က ရဲဘော်တွေကို KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့ရပြီး (၁၀)နှစ်အရွယ် ကလေးတဦးလဲ သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
သမီးပေါ်သော(ဟင်းကပိ)ရွာမှာ လုံခြုံရေးယူနေတဲ့ KNLA တပ်ရင်း(၁၂) ရဲဘော်တွေကို စောအယ်ခွီး(ခ)ကောလားဖိုးဦးဆောင်တဲ့ ကော်သူးလေအာမီ(KTLA)အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ KNLA တပ်ရင်း(၁၂)ရဲ့ တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့ရသလို (၁၀)နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဘုံရန်သူဖြစ်တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တိုက်ခိုက်နေရတာကြောင့် စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့ကို KNU အနေနဲ့ အာရုံစိုက်တာ အားနည်းတဲ့အပေါ် အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတာပါ။
အဲ့ဒီအတွက် စောအယ်ခွီးနဲ့ အပေါင်းအပါတွေကို လူထုဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်တာနဲ့ စစ်ကော်မရှင်ရဲ့ စစ်ရေးဗျူဟာအောက်မှာ ပါဝင်ပတ်သက်တာတို့ကြောင့် စစ်ကော်မရှင်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲ့အနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။








