ဧပြီလ (၂၃)ရက်။
မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်ထွက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အလုံးစုံ သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တာပါ။
“ အဲ့ဒီစခန်းက ကရင်နဲ့ နေပြည်တော်နယ်မြေ နယ်စပ်စခန်းဆိုတော့ နေပြည်တော် အကာစခန်းလို့ ပြောလို့ရတယ်။ မနက်ပိုင်း ကင်းလှည့်ထွက်တဲ့အချိန် နောက်ကျန်တဲ့စခန်းကို ဝင်သိမ်းတာ” လို့ စစ်ရေးတာဝန်ခံက ပြောပါတယ်။
အောင်ချမ်းသာရွာသစ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ခမရ(၄၁၁)စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စခန်းမှူးဖြစ်တဲ့ ဗိုလ်မှူးထွန်းထွန်းလင်း အပါအဝင် (၁၀)ဦးထက်မနည်းကို အသေပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ MA-9 ဗုံးသီး (၇)လုံး၊ MA-3 (၁)လက်၊ MA-11 (၂)လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့သလို ဒုဗိုလ်မှူးကြီး သန်းညိမ်းနဲ့ လက်ကျန်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲကို KNLA တပ်မဟာ(၂)၊ KNDO တပ်ရင်း(၄) တပ်ခွဲ(၃) အထူးတပ်ရင်း၊ KNLA တပ်ခွဲ(၁)၊ KNDF တပ်ရင်း(၂၉)နဲ့ အခြားမဟာမိတ်တပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သံတောင်မြောက်ပိုင်းနယ်မြေတွေကို စစ်ကော်မရှင်တပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာတွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။










