ဧပြီလ (၂၃)ရက်။
မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ခဲ့တာကို ဝမ်းမြောက်ပြီး နှစ်ဆန်းတရက်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးခဲ့တာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ လက်နက်ကိုင်အဖွဲ့တွေ ဖိတ်ခေါ်တာကို ကြိုဆိုပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းတာတွေကို အသိအမှတ်ပြုကာ ပါဝင်ပံ့ပိုးပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ရရှိဖို့အတွက် ထောက်ခံပံ့ပိုးပေးဖို့ အသင့်ရှိသလို နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်သွားမယ်ဆိုပြီး သူက ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဆွေးနွေးပွဲမတိုင်ခင် မင်းအောင်လှိုင်နဲ့လဲ တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ပါသေးတယ်။
တွေ့ဆုံပွဲကို မင်းအောင်လှိုင်အပါအဝင် အမည်ခံအစိုးရအဖွဲ့က ဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketketkaew နဲ့အတူ အကြံပေးပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။








