စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို
ဧပြီလ (၂၃)ရက်။
တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက ဆင့်ခေါ်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ္တရာမြို့နယ်ပကဖက ခွင့်လွန်၊ ခွင့်မဲ့၊ တပ်ပြေးရဲဘော်တွေအနေနဲ့ မေလ (၁)ရက်မတိုင်မီ တပ်ဖွဲ့ကို ပြန်လာပြီး တာဝန်ထမ်းဆောင်ဖို့ ဆိုထားပါတယ်။
မြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးခရီးကြမ်းကို ကြံ့ကြံ့ခံ ဖြတ်သန်းနေချိန် အဆင်မပြေတဲ့ ရဲဘော်မိသားစုတွေကို ဆန်၊ ဆီ၊ စားနပ်ရိက္ခာ အတတ်နိုင်ဆုံး ထောက်ပံ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မိသားစုအတွက် အလုပ်ထွက်လုပ်မှ အဆင်ပြေမယ့် ရဲဘော်တွေကိုလဲ ခွင့်ရက်ရှည်သတ်မှတ်ပေးကာ နှစ်ဖက်မျှတွေးပြီး အဆင်ပြေနိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုအခါ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ အရေးပေါ်ကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် တပ်ကကင်းကွာနေတဲ့ ရဲဘော်တွေ အချိန်မီ လာရောက်ဖို့နဲ့ ပြန်လည်မထမ်းဆောင်ချင်ရင် တပ်စည်းကမ်းအရ ပေးအပ်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ခံယူပြီးမှ အနားယူဖို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်ကို ကူးပြောင်းသွားပြီး ရဲဘော်တွေကို သွေးဆောင်ဖျားယောင်း ခေါ်ဆောင်နေတဲ့ ရဲဘော်ဟောင်းတွေကိုတော့ စစ်ရေးပစ်မှတ်အနေနဲ့ သတ်မှတ်ကာ အရေးယူမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။








