CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက်
မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။
အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ ချမှတ်မည့် ဥပဒေတစ်ခုကို အတည်ပြုရန် အသင့်ရှိနေကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန Press TV က စနေနေ့တွင် ဖော်ပြခဲ့သည်။
လွှတ်တော် ဒုတိယဥက္ကဋ္ဌ အလီ နစ်ဇတ် (Ali Nikzad) ကို ကိုးကား၍ Press TV က ဖော်ပြ ရာတွင် အဆိုပြုထားသည့် အချက် ၁၂ ချက်ပါ အစီအစဉ်အရ အစ္စရေးသင်္ဘောများကို မည်သည့်အခါမျှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ “ရန်လိုသောနိုင်ငံများ” မှ သင်္ဘောများ (အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်) အနေဖြင့် ထိုရေလမ်းကြောင်းကို မဖြတ်သန်းမီ ခွင့်ပြုချက်ရယူရန် စစ်လျော်ကြေးများ ပေးဆောင် ရမည်ဖြစ်သည်။
အခြားသော သင်္ဘောများအားလုံးသည်လည်း ရေလက်ကြားကို ဖြတ်သန်းသွားလာရန် အတွက် အီရန်နိုင်ငံ၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြသည်။
နှစ်ဖက်စလုံးက ၎င်းတို့၏ တောင်းဆိုချက်များကို လျှော့ပေးရန် ငြင်းဆိုထားသဖြင့် တီဟီရန် နှင့် ဝါရှင်တန်တို့အကြား ဆွေးနွေးမှုများ ရပ်တန့်နေချိန်တွင် ယခုလုပ်ဆောင်ချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခင်မူကြမ်းကို ပယ်ချခဲ့ပြီးနောက် သောကြာနေ့တွင် အီရန်က ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးအဆိုပြုလွှာသစ်ကို ညှိနှိုင်းရေးမှူးများထံ တင်ပြ ခဲ့သည်။
ထို့နောက် စနေနေ့ညနေပိုင်းတွင် ထရန့်က အီရန်ထံမှ အစီအစဉ်သစ်ကို မကြာမီ ပြန်လည်သုံးသပ်မည်ဖြစ်သော်လည်း “လက်ခံနိုင်စရာဖြစ်လိမ့်မည်ဟု မထင်ကြောင်း” ပြောကြားခဲ့သည်။ အီရန်သည် အမေရိကန်၏ အဆိုပြုချက်အပေါ် အချက် ၁၄ ချက်ပါ တုံ့ပြန်ချက်ကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ဆက်နွှယ်နေသည့် Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီ (Kazem Gharibabadi) က စနေနေ့တွင် “သံတမန်ရေးလမ်းစဉ် သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ကို ရွေးချယ်ရန်မှာ အမေရိကန်အပေါ်တွင်သာ မူတည်တော့သည်” ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း IRIB က ဖော်ပြခဲ့သည်။








