မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို
ဇွန်လ (၂၂)ရက်။
မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ ဦးဆောင်ကာ အင်အား (၅၀၀)ခန့်နဲ့ PLA အထိုင်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့တာနဲ့ တာဝန်နဲ့ သွားလာနေတဲ့ ထောက်ပို့ရဲဘော် (၂)ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာလဲ မြင်းခြံခရိုင်ထဲရှိ ကျေးရွာ (၂)ရွာက PLA အထိုင်စခန်းတွေကို Faw ကား (၁)စီး၊ Probox (၁)စီးနဲ့ အင်အား (၈၀)ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ရွာထဲက PLA ကို ကူညီနေတဲ့ နေအိမ်တွေကိုပါ ဝင်ရောက်ရှာဖွေတာ၊ အနီးကျေးရွာမှာ တပ်တွေဖြန့်ပြီး အရပ်သားတွေကို ဖမ်းဆီးမေးမြန်းတာအပြင် ရဲဘော်တဦးရဲ့ အမဖြစ်သူကို သေနတ်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနောက် မြင်းခြံခရိုင်ကွပ်ကဲရေးတာဝန်ခံက PLA ဆီ မ့င်းခြံခရိုင်ထဲကနေ တပ်တွေအားလုံး ထွက်ခွာပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ ဒလန်တွေကို သိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့အတူ လွှဲပြောင်းဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။
PLA အနေနဲ့ ဖမ်းဆီးထားတဲ့ ဒလန်တွေကို လွှဲပြောင်းပေးခဲ့တာ (၂)ကြိမ်ရှိပြီဖြစ်သလို နောက်ထပ်လွှဲပြောင်းပေးမယ့်အချိန်မှာ ခြိမ်းခြောက်တာနဲ့ တပ်အင်အားသုံး ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဒလန်တွေ လွှဲပြောင်းပေးဖို့ ကြန့်ကြာနေတာဖြစ်ပြီး ဝင်ရောက်စီးနင်းတာနဲ့ တပ်ဖွဲ့တွေကို ထွက်ခွာခိုင်းတာဟာ ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် PLA အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းဖို့သာ လိုလားပြီး ဘယ်အခါမှ ကျည်စဖောက်မှာမဟုတ်ဘူးလို့လဲ အသိပေးထားတယ်လို့ သိရပါတယ်။







