မန်ယူကစားသမားတွေဟာ လက်ရှိအသင်းရဲ့ခြေစွမ်းအပေါ် ထိခိုက်မှုရှိမှာ စိုးရိမ်ကြတဲ့အတွက် ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ရလာတဲ့ တိုက်စစ်မှူး ဂရင်းဝူဒ်ကို အသင်းမှာ ပြန်ကစားခွင့်ပေးဖို့ ဆန္ဒမရှိကြဘူးလို့ ဒေးလီးမေးလ်သတင်းစာက ရေးသားဖော်ပြသွားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်း၀ုဒ်ဟာ မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့မှုကြောင့် စွဲချက်တင်ခံထားရသူဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ထိန်းသိမ်းမှ မကြာသေးမီကမှ လွတ်ငြိမ်းခွင့်ရရှိလာခဲ့တာပါ။ ဂရင်းဝုဒ်အနေနဲ့ စွဲချက်တင်ထားရတဲ့ကာလအတွင်း ထောင်တွင်း ထိန်းသိမ်းခံထားရပေမယ့် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာတော့ ဖယ်ချန်ထားခြင်း မခံခဲ့ရပါဘူး။
အခုအခါမှာ ထိန်းသိမ်းမှုကနေ လွတ်မြောက်လာတဲ့ ဂရင်း၀ုဒ်အနေနဲ့ မန်ယူအသင်းမှာ ပြန်ကစားခွင့်ရ၊ မရ မသေချာသေးပေမယ့် ကစားသမားတွေကတော့ သူ့ရဲ့ လက်ရှိအသင်းရဲ့ခြေစွမ်းတိုးတက်မှု ထိခိုက်မှာကို စိုးရိမ်နေကြတာပါ။ ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး မန်ယူအသင်းရဲ့အတွင်းလူတစ်ဦးက “ဂရင်းဝုဒ်ကို အသင်းဖော်တွေအားလုံးက နွေးနွေး ထွေးထွေးကြိုဆိုခဲ့ကြပေမယ့် သူတို့အားလုံးရဲ့ စိတ်ထဲမှာတော့ အကြီးအကျယ် စိတ်အနှောက်အယှက်ဖြစ်နေကြပါတယ်”လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ပြိုင်ပွဲစုံမှာ တစ်ပွဲသာ ရှုံးထားပြီး ရလဒ်ကောင်းတွေ ရရှိနေတာပါ။ မန်ယူအ သင်းနည်းပြအဲရစ်တန်ဟတ်ကတော့ လက်ရှိမှာ ဂရင်း၀ုဒ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုထားခြင်းတော့မရှိသေးပါဘူး။
မန်ယူအသင်းနဲ့ ၂၀၂၅ အထိ စာချုပ်ထားတဲ့ ဂရင်းဝုဒ်ဟာ ၂၀၂၂ ဇန်နဝါရီလကတည်းက ပွဲမကစားရသေးဘဲ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ယူရိုပါလိဂ်အသင်းစာရင်းမှာလည်း သူ့နာမည်ပါဝင်လာခဲ့ခြင်းမရှိပါဘူး။