အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ပြည်ထောင် စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် (Wendy Sherman) တို့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ NUG က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ ရုံးခွဲ ဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများနဲ့ တိုင်းရင်း သား တော်လှန်ရေး အင်အားစုတွေကို အစဉ်အမြဲ အားပေးထောက်ခံ နေပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ကျုးလွန်တဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို အရေးယူနိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးအနက် ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြခဲ့ပါတယ်။
အမေရိကန်အစိုးရဖက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် နဲ့ မြန်မာနိုင်ငံရဲ့ NUG အကြီးတန်းအရာရှိ ဒေါ်ဇင်မာအောင် အပါအဝင် ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ကြောင်းနဲ့ NUG ရဲ့ ဝါရှင်တန် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီ လိုလားသူများနဲ့ မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများနဲ့ ထိတွေ့ဆက်ဆံမှု အပြည့်အ၀ နက်ရှိုင်းလာစေရန် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူများအပေါ် မြန်မာစစ်အစိုးရရဲ့ လက်ရှိကိုင်တွယ်နေတဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုများကို ရှုတ်ချခဲ့ပါတယ်။
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုများအတွက် တာဝန်ခံမှု မြှင့်တင်ရန်နနဲ့ မြန်မာ နိုင်ငံရဲ့ အကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာ အဆုံးသတ်စေရန် စစ်အစိုးရအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ် ဆောင်သွားမယ်ဆိုတာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်က အာဆီယံအပါအဝင် မဟာ မိတ်များ၊ မိတ်ဖက်များ၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ၂၀၂၂ ခုနှစ် မေလအတွင်း အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီး အခုတွေ့ဆုံမှုက ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။
Photo – U.S. Asia Pacific Media Hub