ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာ မှာ ဖော်ပြထားချက်အရသိရပါတယ်။
ပါတီဗဟိုအလုပ်မှုဆောင်တွေရဲ့ တညီတညွတ်တည်းဆုံးဖြတ်ချက်နဲ့ အခုလို မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။
တကယ်လို့ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ခဲ့ရင် ပါတီမှတ်ပုံတင် အလိုအလျောက်ပျက်ပြယ်မှာဖြစ်ပြီး ဒါကလည်း အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားမို့ မထူးဆန်းဘူးလို့ SNLD ပါတီက ဆိုပါတယ်။
ပါတီမှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ရမယ့်အချိန်ကနည်းလွန်းတာ၊ SNLD အနေနဲ့ နိုင်ငံတဝန်းလုံးအနေနဲ့ မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တာကြောင့် ကချင်၊ ကယား စတဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီဝင်တွေဆီ သွားရောက်တွေ့ဆုံဖို့ဆိုတာကလည်း လုံခြုံရေးအခြေအနေကြောင့်မဖြစ်နိုင်တာ၊ ပါတီဝင်ထုရဲ့ သဘောထားကို ရယူဖို့ အချိန်မလောက်ငတာ၊ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုတာကို အတိအကျ မကြေညာထားတာ စတဲ့ အခြေအနေအကြောင်းကြောင့် မှတ်ပုံတင်ဖို့ မဖြစ်နိုင်တာလို့ SNLD ပါတီက ပြောကြားထားတာပါ။