ကရင်နီပြည်နယ် မြန်မာ- ထိုင်းနယ်စပ် မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော်(KA) တပ်ရင်း(၅)က မတ်(၂၄) ရက်မှာ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ နယ်စပ်မှတ်တိုင် BP-11 အနီး သံလွင်အရှေ့ခြမ်းရှိစစ်ကောင်စီ၏ ဟွေ့ဟိုင်းစခန်းကို မတ်လ ၁၆ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်နီတပ်က မတ်လ ၁၇ရက်တွင် အသိပေးထားခဲ့သေးသည်။
ယင်းသိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ RPG၊ (၆၀)မမ နှင့် လက်နက် ငယ်အချို့ ၊ ကျည်များ ဗုံးသီးများရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်မှ အလောင်း ၃လောင်း တွေ့ရှိရပြီး ၆ဦးမှာ လက်နက်မဲ့ဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု KA တပ်ရင်း(၅)က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KA ဘက်မှ ရဲဘော် ၃ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ကရင်နီတပ်မတော် နှင့် စစ်ကောင်စီ တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်မှ အထိနာခဲ့တယ်လို့သိရပြီးနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခြင်းအပြင် လက်နက်ခဲယမ်း ရိက္ခာပို့လာသည့် စစ်ကြောင်းများကိုလည်း ကရင်နီတပ်မတော် က တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။