မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန် – မန္တလေးတို့လို မြို့ကြီးတွေမှာ လျှပ်စစ်မီးတွေဘာကြောင့်ပြတ်တောက်နေရသလဲဆိုတာနဲ့ပတ်သက်လို့ အချက် ၃ ချက်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်အရ နွေရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့ကျနေတာခြင်းနဲ့ ၂၄ နာရီ ပတ်လုံးဓာတ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖောက်ခွဲခံရတာကြောင့် ကာလရှည်ကြာစွာ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားလုံးဝမရရှိတာ၊ နေ့ညအပူချိန်တက်လာလို့ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်သုံးစွဲမှု ၂၅၀ မဂ္ဂါဝပ်ခန့်တိုးမြင့်လာတာတွေ ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယအချက်အနေနဲ့ မတ်လ ၂၇ ရက်နေ့က ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်းက တာဝါတိုင်(၂) တိုင်ဖေါက်ခွဲဖျက်ဆီးခံရ တဲ့အတွက် မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ နိုင်ငံတော်ဓာတ်အားစနစ်ကို (၈၀) မဂ္ဂါဝပ် ၂၄ နာရီပတ်လုံးဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အား ဖြန့်ဖြူးမှုကို ထိခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ လုံခြုံရေးကြောင့် တာဝါတိုင်တွေ ပြုပြင်ခြင်းလုပ်ငန်းက ခန့်မှန်းတစ်ပတ်ခန့်ကြာမြင့်နိုင်ပြီး အရေးပေါ် ဝန်အားလျှော့တာ၊ ယာယီဝန်အားလျှော့ချရတာတွေကိုနားလည်ပေးဖို့ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အခုလို ဖြစ်ရပ်တွေကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ မီးမရသဖြင့် အလုပ်အကိုင်များနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး အခုကာလအတွင်းမှာ စိတ်ဒုက္ခ အပေးဆုံးမှာ လျှပ်စစ်မီး ဖြစ်တယ်လို့ တညီ တညွတ်တည်းပြောဆိုနေကြတာဖြစ်ပါတယ်။
ရန်ကုန်မြို့ ပေါ် ရပ်ကွက်နေ ပြည်သူတဦးက ခေတ်မျက်လုံး ကို အခုလိုပြောပါတယ် “ ဒီလိုဗျာ မီးမလာ ပြတ်တဲ့အကြောင်းတော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ ဗျ အတော်စိတ်ညစ်ဖို့ကောင်းတယ် ၊ မနက် ထမင်းအိုးလေး အပြေးအလွှားတည်နေတုန်း ပြတ်ကနဲ ဆိုပြတ် ၊ ရေတင်နေတုန်း ပြတ် အို အမျိုးမျိုးပြတ် ဗျာ ၊ လာချင်လာတယ် မလာချင် မလားဘူး အချိန်လည်း မမှန်တော့ဘူး ” ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။