ကောလင်းခရိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်းမှူးအဖြစ် တာဝန်ယူထားသူ ဒူချွန် ဒါဝိ ခေါ် မိုးကြိုးနှင့် သူ၏ လက်ထောက်တစ်ဦးသည် ဧပြီလ (၂၆) ရက်နေ့က ကောလင်းမြို့နယ် ပေပင်ချောင်ရွာအနီး စစ်ကောင်စီရှေ့ကင်းပုန်းနှင့် ထိပ်တိုက်တိုးကာ နှစ်ဦးလုံး ပစ်သတ်ခံလိုက်ရသည်ဟု သိရှိရသည်။
ထို့အပြင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူနှင့် အခြားသူ ၆ ဦးသည်လည်း ဧပြီ ၂၇ ရက်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသည်ဟု သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိုနယ်၊ နှောကုန်းကျေးရွာနှင့် ပေပင်ချောင်ကျေးရွာကြားတွင် KIA/PDF တပ်ရင်း (၁) မှ ရင်းမှူးအဆင့်ရှိ KIA မှ ဒူချွန် ဒါဝိ ခေါ် မိုးကြိုးနှင့် ကောလင်း ပလဖ ခေါင်းဆောင် Global ခေါ် နေမျိုးဝင်းတို့ ၂ ဦးအပါအဝင် KIA/PDF ပူးပေါင်းတပ်မှ အဖွဲ့ဝင် ၈ ဦးအား သတ်ဖြတ်ရှင်းလင်း လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းများတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။