စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက ထန်းတောရွာမှာရှိတဲ့ အထက်တန်းပြ စာသင်ကျောင်းကို စစ်တပ်က မနေ့က မွန်းလွဲ ၂ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကြောင်းထိုးလာတာမရှိဘဲနဲ့ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ People’s Defense Comrade (အမေ့သား)က ဓာတ်ပုံတွေနဲ့အတူ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဗုံးကြဲချိန်က စာသင်ကျောင်းမှာ ကျောင်းဆင်းချိန်ဖြစ်တဲ့အတွက် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ ဘူးလို့ People’s Defense Comrade က ပြောပါတယ်။
အဲဒီ အထက်တန်းပြကျောင်းကို ဒေသခံတွေက ထန်းတောဗောဓိစာသင်ကျောင်းလို့ ခေါ်ကြပြီး ဗုံကြဲ တိုက်ခိုက်မှုအတွင်းမှာ စာကြည့်တိုက်ကျောင်းဆောင်နဲ့ ကျောင်းဘေးပတ်လည် အုတ်တံတိုင်းတွေ ပျက်စီးခဲ့ ရပါတယ်။
ဒါအပြင် ကျေးရွာထဲက နေအိမ်တစ်လုံးပျက်စီးခဲ့ရသလို လျှပ်စီးမီးကြိုးတွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်း အောက်ပိုင်းဖြစ်တဲ့ ရေဦးမြို့နယ်အတွင်းကို လေကြောင်းကနေ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း People’s Defense Comrade က အသိပေးထုတ်ပြန်ထားပါတယ်။
Era’sEyes | Photo – People’s Defense Comrade