နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 21 ရက်

ဆောင်းပါးများ

ဆောင်းပါးများ သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ

မြန်မာ့သစ်တောတွေ ဘာကြောင့် ပြုန်းတီးသွားခဲ့ရသလဲ။

နိဒါန်း ။ ။

မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ထားစဉ် ဘုံဘေဘားမားသစ်ကုမ္ပဏီကြီးက နိုင်ငံတွင်းရှိ ကျွန်းသစ်များကို စတင်ထုတ်ယူစဉ်ကစပြီး သားစဉ်မြေးဆက် စဉ်ဆက်မပြတ် ထုတ်ယူနိုင်သည့်စနစ်ကို ရေးဆွဲထားပြီး စနစ်တကျ ရှေ့ရေးအမျှော်အမြင်ရှိရှိဖြင့် သစ်များကို ထုတ်ယူခဲ့ကြသည်။ သစ်ပင်ကြီးများ၊ သားရဲတိရိစ္ဆာန်များဖြင့် သဘာဝအတိုင်း ရှိခဲ့သည့် သစ်တောကြီးများကို စစ်အစိုးရအဆက်ဆက် မည်သည့်အချိန်တွင် မည်သည့်အတွက်ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် သားစဉ်းမြေးဆက် ထုတ်ယူသုံးစွဲနိုင်သည့် သစ်တောကြီးများကို တနပ်စားဉာဏ်ဖြင့် မိမိတို့ ကိုယ်ကျိုးအတွက် တောပြုန်းအောင်ပြုလုပ်ခဲ့ကြသည်ကို သစ်တောအရာရှိကြီးတစ်ဦး၏ ကိုယ်တွေ့အတွေ့အကြုံကို မေးမြန်းပြီး အများသိရှိဗဟုသုတရစေရန် ရေးသားတင်ပြလိုက်ပါသည်။ အထူးသဖြင့် နောင်မျိုးဆက်များ တိုင်းပြည်ကို ဦးဆောင်သည့်အခါ တိုင်းပြည် သံယံဇာတများကို ထိန်းသိမ်းရန် မည်မျှအရေးကြီးကြောင်း ရေရှည်အမြင်ရှိရန် လိုအပ်ကြောင်း နားလည် သဘောပေါက်ကြမည် ဆိုလျှင် ဤဆောင်းပါးကို အပင်ပန်းခံ ရေးရကျိုးနပ်ပြီဟု ဆိုချင်ပါသည်။ 

ယခုလို နောင်လာနောက်သားများ သိရှိနိုင်စေရန် မြန်မာ့သစ်တောများ ဘာကြောင့်ပြုန်းတီးသွားရသလဲဆိုသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး စနစ်တခုကို စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြခဲ့သည့် သစ်တောအရာရှိအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၄) ရက်

မြန်မာ့သစ်လုပ်ငန်းမှာ ဒုတိယမန်နေဂျာအနေနဲ့ ၁၉၇၆-၁၉၈၃ အထိထဲထဲဝင် (၇) နှစ်လုပ်ခဲ့တဲ့ ပညာရှင်တဦး ပြောပြချက်ကို မြန်မာပြည်သူတွေ ဗဟုသုတ ရရှိစေဖို့ မျှဝေပေးလိုက်ပါသည်။ မြန်မာပြည်မှာ ကမ္ဘာ့ဘဏ်ကနေ ချေးငွေ ဒေါ်လာ (၂၄) သန်းချေးပြီးတော့ ခေတ်မီသစ်ထုတ်လုပ်ရေးလုပ်ငန်းကို ကနဦးစ လုပ်ခဲ့ကြတယ်။ ဒုတိယမန်နေဂျာ အနေနဲ့တာဝန်ယူခဲ့ရတယ်။ ရုံးချုပ်က အဲဒီတုံးက ပြည်မြို့ ကမ်းနားလမ်း ဆင်စုအရပ်မှာပေါ့။ အင်္ဂလိပ်လက်ထက်ကတည်းက သစ်ထုတ်လုပ်ရေးကို သစ်တောခရိုင် တနည်း အေဂျင်စီ Agency တွေ ဖွဲ့ပြီး လုပ်ကြတယ်။ တပြည်လုံးဆို ၂၀ကျော် ၃၀ လောက်ရှိမယ်။ ကျနော်တာဝန်ကျတာက (၅) ခရိုင်ပေါ့။ သစ်ထုတ်လုပ်ရေး ဖွဲ့စည်းထားတဲ့ ခရိုင်က အုပ်ချုပ်ရေးခရိုင်နဲ့ မတူပါဘူး။

(၅) ခရိုင်က ရန်ကုန်ဘက်ကစရင် သာယာဝတီ သစ်တောခရိုင်ရယ် နောက်တခါဇီးကုန်း သစ်တောခရိုင်ဆိုတာ ရှိတယ်။ ဇီးကုန်းက အုပ်ချုပ်ရေးအရ ဆိုရင်မြို့နယ်ပဲရှိတယ် ဒါပေမဲ့သစ်တောမှာတော့ ဇီးကုန်းသစ်ထုတ်ရေးခရိုင်အဖြစ် ပေးထားတယ်။ နောက် ပြည်သစ်ထုတ်လုပ်ရေးခရိုင် အထက်ပြန်တက်လိုက်ရင် သရက်သစ် ထုတ်ရေး ခရိုင်ရယ်။ နောက်တခါ ပခုက္ကူမှာ ရုံးစိုက်တဲ့ ယောသစ်တောခရိုင် အဲဒီ (၅) ခရိုင်ကို တာဝန်ယူခဲ့ရတယ်။ မြန်မာပြည်မှာ သစ်အထွက်ဆုံး အကောင်းဆုံးနေရာတွေကို ရွေးပြီး ထုတ်ခဲ့တယ်။ တော်တော်လေးလဲ မြန်မာပြည်ကို ကိုယ်စားပြု လုပ်နိုင်ခဲ့တယ်ပေါ့။ မြန်မာပြည်မှာ သစ်တောကျောင်းဆင်း ပထမအသုတ် ကျောင်းဆင်း BSc (Forestry) က ဆရာကြီး ၃ယောက်ရှိတယ်ပေါ့။ ထိပ်နံပါတ်တစ်က ကရင်ကြီး ။ နှစ်ကဦးသော် သုံးက ဦးကျော်ခင်အဆင့် အလိုက်ရှိကြတယ်။ မြန်မာနိုင်ငံရဲ့ ဗဟိုအမျိုးသမီးဆေးရုံမှာ ဆရာမကြီး ဆေးတက္ကသိုလ် (၁) မှာလည်း ပါမောက္ခ လုပ်သွားဘူးတယ်။ ဒေါက်တာဒေါ်ခင်မြမြလား ဒေါ်မြမြလားမသိဘူး။ သူ့ခင်ပွန်းက ဦးကျော်ခင်ပေါ့။ သူက တတိယအဆင့်ရှိပေမဲ့ ပရောဂျက်ကို လုပ်ခွင့်ရသွားတယ်။ သူက တရုတ်ကြီး သူ့ကိုလူတွေက ဝမ်ဆွေ့လို့ခေါ်ကြတယ်။ မြန်မာပြည်ရဲ့ ပထမဆုံး ပရိုဂျက်မို့လို့ အရမ်း အောင်မြင်တယ်။

အဲဒိ ပရောဂျက် မှာ သစ်ထုတ်တဲ့ကား တွေက အစိမ်းရောင်ကားအသစ် တွေ ဟီးနိုး TE -11 တွေနဲ့စ ထုတ်ခဲ့တယ်။ အရင်ကတော့ စစ်တွင်းက ကျန်ရစ်တဲ့ လော်ရီကားအဟောင်း ချက်ပလက်တို့ ဒေါ့ဂျ်ကားတွေနဲ့ထုတ်ကြတယ်။ ခရိုင်တွေထဲမှာ ပဲခူးဖက်မှာ သာယာဝတီ၊ ဇီးကုန်းနဲ့ ပြည်ရှိပြီပေါ့။ ဟိုဖက်က ယောနဲ့ သရက်က မြစ်ရဲ့အနောက်ဖက်ကမ်းမှာ ရှိတာကြောင့် ပဲခူးရိုးမနဲ့ မဆိုင်ဘူးပေါ့။ ပဲခူးရိုးမရဲ့အနောက်ခြမ်းမှာ ၃ခုပါတယ် ပဲခူးရိုးမရဲ့အရှေ့ခြမ်းမှာက ရန်ကုန်ဖက်ကနေ စရေတွက်ရင် ပဲခူးသစ်ထုတ်ရေး ခရိုင်ရှိတယ်။ ပဲခူးတောင်နဲ့ မြောက်လို့ ခွဲလိုက်ပြီးတော့ ပဲခူးတောင်ကို ပဲခူးမှာရုံးစိုက်ပြီး ပဲခူးမြောက်ကိုတော့ ညောင်လေးပင်ခရိုင်လို့ခေါ်သလို သစ်ထုတ်တဲ့အခါကျတော့ ပဲခူးမြောက်ခရိုင်လို့ခေါ်တယ်။ အဲဒါပြီးရင် အပေါ်တက်လိုက်ရင် တောင်ငူရှိတယ် တောင်ငူကိုလဲ ၂ပိုင်းခွဲလိုက်တယ် တောင်ငူတောင်ပိုင်းခရိုင် နဲ့တောင်ငူမြောက်ပိုင်း ခရိုင်ဆိုပြီးတော့ပေါ့။ တောင်ငူတောင်ပိုင်းခရိုင်ကတော့ ဒီဘက်တောင်ငူ ပဲခူးနဲ့ ညောင်လေးပင် ကြားရှိ ပဲခူးရိုးမပေါ်က သစ်ကိုထုတ်ရပြီးတော့ တောင်ငူနဲ့ပျဉ်းမနား မရောက်ခင် လယ်ဝေး အထိအောင်သစ်တွေကိုထုတ်တယ်။ အဲဒီကနေ ဆက်တက်လိုက်ရင် ပျဉ်းမနားကို ရောက်တယ် ပျဉ်းမနားကျတော့ နဲနဲကျယ်ပြန့်တယ် သစ်ထုတ်ရေးအနေနဲ့ ခရိုင်၂ခုရှိတယ် ပျဉ်းမနားတောင် ပျဉ်းမနားမြောက်ပေါ့။ ပျဉ်းမနားတောင်ကတော့ (အေ)ဧလာတို့ သာဂရအထိ ပဲခူးရိုးမကိုတက် ထုတ်တယ်။ ပျဉ်းမနားမြောက်ကျတော့ ရမည်းသင်းတို့ပျော်ဘွယ်တို့ မိထ္ထီလာနား အထိရောက်သွားတယ် ဆိုရမှာပေါ့။ ပဲခူးရိုးမကြီးကို ခွဲလိုက်မယ်ဆိုရင် အရှေ့နဲ့အနောက်ပေါ့ ပထမဆုံးကျွန်တော် အလုပ်စ ဝင်ခဲ့တာက ပဲခူးရိုးမ အနောက်ဖက်ခြမ်း (ပဲ-နောက်) ပေါ့။ နောက်ပိုင်း ၁၉၈၁-၈၃ခုနှစ်ကျတော့ East Pegu Yoma Project ဆိုပြီးတော့ ပဲ ပဲခူးရိုမ အရှေ့ ဘက်ခြမ်းသစ်ထုတ်ရေး ၆-ခရိုင်နဲ့ ပျဉ်းမနား ရောင်း/စက် ဆိုတဲ့ သစ်ဆိုင်သစ်စက်တွေ၊ အရာင်းတွေလုပ်ရတယ်။ အဲဒီအချိန်မှာ အရှေ့ပဲခူးရိုးမ (ပဲ-ရှေ့) ရဲ့ပရောဂျက်ဒါရိုက်တာကြီးက နံပါတ်တစ်ဖြစ်တဲ့ ဦးစောရစ်ချဒ် ဖြစ်သွားတယ်။ အဲဒီ (ပဲ-နောက်) နဲ့ (ပဲ-ရှေ့) ပရောဂျက် ၂-ခုလုံးမှာ ကျနော်လုပ်ခဲ့ရတယ်။ အင်္ဂလိပ်လက်ထက်ထဲက သစ်တောအုပ်ချုပ်ပုံကို သစ်တောခရိုင် Agency တွေခွဲပြီးတော့ လုပ်ခဲ့ကြတယ်။ ခရိုင်တခုထဲမှာကျရင် ဥပမာ ပဲခူး သစ်ထုတ်လုပ်ရေးခရိုင် ပေါ့ တောင်ဇာမဏီ မြောက်ဇာမဏီ ကြိုးဝိုင်းကြီးတွေရှိတယ်။ ကြိုးဝိုင်းဆိုတာ ကြိုးတော့တားမထားဘူးပေါ့ မြေပုံပေါ်မှပဲ သတ်မှတ်ထားတာ။ အစိုးရကလွဲလို့ ဘယ်သူမှ မလုပ်ရဘူး ဆိုပြီးတော့ တိုင်လေးတွေပဲ စိုက်ထားတာ၊ လိုင်းတွေဆွဲပြီး အမည်တွေပေးကြတာ။

ရန်ကုန်နဲ့ အနီးဆုံးပြောမယ်ဆိုရင် တိုက်ကြီးနားကနေ တက်ရင် သာယာဝတီ သစ်ထုတ်လုပ်ရေးခရိုင် ကင်မတီး ကြိုးဝိုင်း ဆိုတာရှိတယ်၊ ခရိုင်တခုမှာ ဥပမာ ကြိုးဝိုင်း (၁၀) ခုကနေ (၁၅) ခုလောက်ရှိတယ်။ အဲဒီကြိုးဝိုင်းထဲမှာ သစ်ကွက်ဆိုပြီး ရှိတယ်။ အင်္ဂလိပ်လိုကတော့ ကွန်ပတ်မင့် (Compartment) လို့ ခေါ်တယ်။ အဲဒီသစ်ကွက်က အရမ်းအရေးကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ် ခေတ် စည်းမျဉ်းအရ သစ်ကွက် တခုထဲက ဒီတနှစ်မှာသစ်ထုတ်ပြီးရင် နောင်အနှစ် ၃၀ အထိနောက်ထပ် ထပ်ထုတ်ခွင့်မရှိဘူး။ အဲဒီလို သတ်မှတ်ထားတာ ဥပမာ တောင်ဇာမဏီ ကွန်ပတ်မင့် သစ်ကွက် ၁၀၂ ကို ဒီနှစ် သစ်ထုတ်လိုက်တယ် ဆိုပါဆို့၊ အဲဒီသစ်ကွက်က နောက်အနှစ်၃၀-ကြာမှ သစ်ထပ်ထုတ်ခွင့် ရတော့ မယ်ပေါ့။ ကျနော်တို့ သက်တမ်းမှာတော့ ဒီစည်းမျဉ်းကို လိုက်နာခဲ့တယ်။ အဲဒီအချက်က အတော်လေးစားဖို့ ကောင်းတယ်။

ဒီသစ်ကွက်ထဲမှာရှိတဲ့သစ်ကိုလည်း သစ်တောအခေါ် သူကရင်စို့လုံးပတ်လို့ခေါ်တယ်၊ သစ်ပင်တပင်ကို ခြေရင်းမှာ မတ်တပ်ရပ်လိုက်လို့ရှိရင် ရင်ဘတ်အမြင့် ၄-ပေ၆-လက္မအမြင့်လောက်မှာ လုံးပတ်ကို ပေကြိုးနဲ့တိုင်းရတယ်။ ပေကြိုးတိုင်းထွာချက် အနည်းဆုံး  ၇-ပေနဲ့ ၆လက္မရှိတဲ့ သစ်ပင်ကိုသာ ရွေးချယ် ခုတ်လှဲခွင့် စနစ် Selected Felling System ရှိခဲ့တယ်။ အရေးကြီးတဲ့ ၂-ချက်က သစ်ကွက်တခုမှာ သစ်ထုတ်ပြီးရင် နောက်အနှစ် ၃၀ အထိ ထပ်ထုတ်ခွင့် မရှိတာရယ်။ သစ်ပင်ကို ရင်စို့အမြင့်ကနေ တိုင်းလို့ ၇ပေ ၆လက္မ အထက်ရှိတဲ့ အပင်ကိုသာ ခုတ်လှဲခွင့်ရှိပြီး ဒီထက်လုံးပတ် သေးပြီး ပေမမှီတဲ့ ၇ပေ ၆ လက္မအောက် အပင်တွေကို ခုတ်လှဲရင် သစ်တော ဥပဒေအရ အရေးယူ ခံရမှာဖြစ်တယ်။

ကျနော်တို့ခေတ်တုံးက လယ်ယာနဲ့သစ်တောဝန်ကြီးက ဦးရဲခေါင်ဖြစ်ပြီး သစ်တောဒုတိယဝန်ကြီးက အရင် စီးပွားရေးတက္ကသိုလ်က ကထိက လုပ်သွားတဲ့ ဆရာဒေါက်တာဗိုလ်လေး ဖြစ်တယ်။ ဆိုရှယ်လစ်ခေတ်မှာ ပထမဦးဆုံး ဒီဟာကို လျော့ပေါ့လိုက်တာ ဦးနေဝင်းခေတ်ပေါ့ ပထမဆုံးလုံးပတ်ကို ၁-ပေလျော့ခဲ့တယ်။ တသက်လုံး ၇ပေ ၆လက္မရှိမှ ထုတ်ရမယ်ဆိုတာကို ဦးရဲခေါင် နဲ့ ဒေါက်တာဗိုလ်လေးတို့ လက်ထက် (၁၉၇၆-၁၉၈၀ အတွင်း နှစ်မမှတ်မိ) လုပ်လိုက်တာပေါ့။ သစ်ပင်က တနှစ်နေမှ တလက်မ လောက်ပဲ တက်တယ် ၇-ပေ ၆-လက်မရှိအောင် အနည်းဆုံး အနှစ် ၇၀-၈၀ နှစ်နေမှ သစ်ပင်က ခုတ်လှဲဖို့ ပေ-မှီတာဖြစ်တယ်။ ဈေးကွက်ဝင် အရွယ်အစား Marketable Size ဖြစ်တယ်ပေါ့။

သစ်ထုတ်တဲ့နေရာမှာ ဖြတ်ပိုင်းပေးခြင်းအလုပ်က အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောထဲမှ သစ်ပင်ခုတ်တယ် သစ်ထုတ်တယ်ဆိုတာ ကွန်ထရိုက်တာ Contractor တွေရှိတယ်။ အဲဒီတုံးကလူနဲ့ပဲ ခုတ်တာ၊ ရိုးရိုးဘဲ ငမန်းလွှတွေနဲ့ တိုက်ရတာ၊ အဲဒီတုံးက သစ်ပင်တပင်ကို လှဲလိုက်လို့ သစ်တတန်ထွက်ရင် သစ်ခုတ်ခ ၁၀-ကျပ်ရတယ်။ အဲဒီတုံးက ၁၀ကျပ်ဆိုတာ မနည်းဘူး သစ်ပင်တပင် ခုတ်ရင်၂-တန်လောက်ထွက်တယ်။ ဖြတ်ပိုင်း၃-ပိုင်း လောက်ရအောင် သေသေချာချာ ခုတ်ရင်ကျပ် ၂၀- လောက်ရ တာပေါ့။ ဖြတ်ပိုင်းပေးတာကို သစ်တော စည်းမျဉ်း သတ်မှတ်ချက်ရှိတယ်။  သစ်ပင်တွေကို အကြမ်းအားဖြင့် ၂-ပိုင်းခွဲလိုက်တာပေါ့ ကျွန်းပင် နဲ့ ကျွန်းမဟုတ်တဲ့ သစ်မာအပင်များဆိုပြီး ခွဲလိုက်တယ်။ သစ်ပင်အမျိုးအစားတွေက အများကြီးရှိတယ် ကျွန်းကတန်ဖိုး အများဆုံးဆိုတော့ ကျွန်းနဲ့အခြား သစ်တွေကို သစ်မာဆိုပြီး ခွဲလိုက်တယ်ပေါ့။ Teak and Hardwood လို့ခေါ်တာပေါ့။ သစ်မာတွေကို တော့ ထပ်ပြီးအုပ်စု ၄-ခု၊ တခါထပ်ပြန်ခွဲလိုက်တယ်။ သူတို့ရဲ့မာကြောမှုရယ်၊ ရေရှည်ခံမှုရယ်၊ အသုံးဝင်မှုရယ် တန်ဖိုးရှိမှုရယ်၊ လှပမှုရယ်အပေါ်မူတည်ပြီးတော့ သစ်မာအုပ်စု (၁)၊ သစ်မာအုပ်စု(၂)၊သစ်မာအုပ်စု (၃)၊ သစ်မာအုပ်စု(၄)ဆိုပြီး၄-အုပ်စုခွဲလိုက်တယ်။

အုပ်စု (၁)ထဲမှာ ပျဉ်းကတိုး၊ သင်းဝင်၊ အင်ကြင်း၊ ပိတောက်တို့ တမလန်းတို့ ၆မျိုးလောက်ရှိတယ်။ ပိတောက်တို့ တမလန်းသစ်တွေကို အထူးရောင်းတန်းဝင် သစ်မာသစ် လို့လည်းခေါ်တယ်။ လှတယ်၊ မာတယ်၊ အရမ်းခိုင်ခံ့တယ် ဈေးလည်းကြီးတယ်၊ အသုံးလဲဝင်တယ်။ အုပ်စု ၄-သစ်ကတော့ အရမ်း ပွလွန်းတယ်၊ ပြော့လွန်းတယ်။ ဒီဒူး၊ လက်ပံတို့ ကုက္ကိုတို့ ဘာတို့ပေါ့ ခေါင်းပျဉ်လုပ်တယ်။ အရင်က မီးခြစ်စံလုပ်တယ်။ သေတ္တာခွံလုပ်ကြတယ်။ ကျွန်းကိုတော့ ကြယ် ၁-ပွင့်ကနေ၄-ပွင့်နဲ့ သူ့အထက်မှာ AY အဆင့်အထူးကျွန်းဆိုပြီးရှိ တယ်။

သစ်ထုတ်နည်းက ၂-နည်းရှိတယ်။

Clear felling system လို့ခေါ်တဲ့ အပြောင်ရှင်းစနစ် နဲ့ Selected felling system လို့ခေါ်တဲ့ ရွေးချယ်ခုတ်လှဲစနစ် ဆိုတာရှိတယ်။ ဗမာပြည်ကစနစ်ကအရမ်းစနစ်ကျပြီးနှစ် ၃၀-မှတခါထုတ်တဲ့အတွက် အရည်အသွေး ကောင်းမွန်တယ်။ ကနေဒါနဲ့ အင်္ဂလန်ကတောင် မြန်မာ သစ်တော ပြုစုပျိုးထောင်တဲ့ စနစ်က ကောင်းတော့ ကမ္ဘာအကောင်းဆုံး ဆိုပီးတော့ အသိအမှတ်ပြု သတ်မှတ်တယ်။ စဉ်ဆက်မပြတ် အမြဲတမ်း Sustainable ဖြစ်ပြီးတော့ စဉ်ဆက်မပြတ်အမြဲတမ်း သစ်ပင်တွေပြန် ပြည့်နေတဲ့ ပြန်ပေါက်တဲ့ သဘောဖြစ်နေတာပေါ့။ တနေ့မှာ ရွှေဥ -တစ်ဥ -အုပေးတယ်ဆိုတဲ့သဘောပေါ့။ ကျွန်းကမြန်မာပြည်မှာ တနှစ်ကို တန်ချိန်၂-သိန်းလောက်ပဲ (ဒါကိုပြန်ချက်လုပ်ရမယ်) ထုတ်ခွင့်ရှိတယ်ပေါ့ သစ်မာတွေ ကတော့ တနှစ် ကို တန်ချိန် ၄သိန်းခွဲလောက်ထုတ်လို့ရတယ်။ သစ်လုံးတွေကို တိုင်းတာတာက Hoppus foot measurement စနစ် နဲ့တိုင်းတယ် ဖေါ်မြူလာရှိတယ်။ သစ်လုံး ရဲ့ အဝန်း နဲ့အရှည်ကို အသုံးပြု တိုင်းတာတာပေါ့။ လုံးပတ်-တန်ချိန်လို့ခေါ်တယ်။ အဲဒီအတိုင်း တနှစ်ထုတ်နိုင်ပမာဏ Annual sustainable yield အတိုင်း ထုတ်နေရင် တနှစ်တနှစ်မှာ မြန်မာပြည်ထဲမှာ ကျနော်တို့သားစဉ်မျိုးဆက် တလျှောက်လုံး မကုန်နိုင် မခန်းနိုင်သစ်တွေထုတ်လုပ် နေနိုင်တယ်ပေါ့ဗျာ။ တနှစ်မှာ ကျွန်းက တန်ချိန်၂-သိန်း သစ်မာက ၅-သိန်း ဒါလောက်ပဲ ကျနော်တို့က ခံနိုင်ရည်ရှိတယ်။ အဲသည်လို သစ်တောတွေကို စနစ်တကျ ထုတ်နိုင်ရင် သစ်တောတွေလဲ မပြုန်းတီးဘူး ရာသီဥတုလဲ မဖောက်ပြန်ဘူး ပေါ့ဗျာ။ အနောက်ရိုးမက မင်းတုန်း မြို့နယ်မှာ ဗိုလ်သက်ထွန်း(ဗကပ)ကြီးစိုးတယ်။ အောင်လံမှာခလရ (၇၁) တပ်ရင်း ရှိတယ်။ သက်ကြီးရွယ်အိုတွေများပါတယ်။ ကျနော်တို့သစ် ထုတ်မယ်ဆိုရင် သူတို့က နယ်မြေလုံခြုံရေး ယူပေးရတယ်။ သစ်လုပ်ငန်းနဲ့ သောင်းကျန်းသူတွေ လည်း ခင်မင်ကြတယ်။ ကျနော်တို့ပါလာတဲ့ ရိက္ခာတွေအတွက် တဲတွေဆောက်ရတယ် အဲဒီတဲထဲ၊ ဂိုဒေါင်ထဲ ဆေးဝါးတို့ဆားတို့ သစ်ထုတ်ကရိယာတို့ ဆင်နဲ့ဆိုင်တာတို့ သိုလှောင်ရတယ်။ ဆင်ရဲ့ဆေးကဆားနဲ့ မကျီးသီးပေါ့ သူတို့ကိုကျွေးရတယ်။  အဲဒါများများ သိုလှောင်ရတယ်။ ဆင်၅ကောင် ၆ကောင်ပါရင် တဝိုင်းလို့ခေါ်တယ် အဲဒီလိုဆင်တွေ ၅ဝိုင်းသို့မဟုတ် ၆ဝိုင်း လောက်စုပြီးတော့ သစ်ကွက်တကွက်ကို သစ်ထုတ်တာပေါ့။ သစ်ပင်ကို ခုတ်လှဲပြီးရင် သစ်ပင်ငုတ်ရင်းကို စတန့်ပ် (Stump) လို့ ခေါ်တယ်။ ကုန်ကျစရိတ်က သစ်ခုတ်သားအတွက်ပဲ ကုန်သေးတယ် သစ်ခုတ်သားက တတန်ကို တဆယ်ပေးရတယ်။ ဘာအပိုပေးရလဲဆိုတော့ အဲဒီအချိန်က ဗမာပြည်မှာ သစ်ထုတ်လုပ်ရေးလုပ်တာ အစိုးရပဲရှိတယ်။ အစိုးရပဲရှိတယ်ဆိုတော့ ပိုင်ရှင်အနေနဲ့ မြန်မာနိုင်ငံသစ်တောဦးစီးဌာနကို အပ်ထားတယ် Forest Department သူကပိုင်ရှင်ပေါ့ ကျနော်တို့က သစ်လုပ်ငန်းဆိုတော့ ကော်ပိုရေးရှင်းပေါ့။ သူတို့က ဒီသစ်ကွက်ကို ထုတ်လို့ရမယ်ဆိုရင် ကျနော်တို့ကသစ်တောခွန်ပေးရတယ် အဲဒါကို Royality လို့ခေါ်တယ်။ ဗမာလိုတော့ သစ်တောခွန်ပေါ့။ တတန်ကို သစ်မာဆိုရင်ဘယ်လောက် ကျွန်းဆိုရင် ဘယ်လောက် အစိုးရသတ်မှတ်ချက်နဲ့ ပေးရတယ်။ မြန်မာသစ်လုပ်ငန်းက ထုတ်ပြီးတဲ့သစ် တန်ချိန်အလိုက်ပေးရတယ် အဲဒီတော့သစ်တောက ဥပမာ တောင်ဇာမဏီကြိုးဝိုင်းကသစ်ကို မြန်မာ့သစ်လုပ်ငန်းက ထုတ်မယ်ဆိုလို့ရှိရင် အရင်ဆုံးတောနင်းရတယ် တောအတွင်း ကွန်တိုအလိုက်အနိမ့်အမြင့်ရှိတယ် အဲဒီကသစ်တွေကို အမှတ် မှတ်ရတယ် Marking လုပ်တာပေါ့။ သစ်ပင်တွေရဲ့ ရင်စို့လုံးပတ်နေရာမှာ ကွက်ပြီး ပင်ထောင်နံပါတ်ကို အမှတ်စဉ် အတိုင်းရိုက်ရတယ်။ အရမ်းစနစ်ကျတယ် သူဟာသူကွန်တိုအတိုင်း အပင်အသေးအကြီး အကုန်ပင်ထောင်နံပါတ်တွေ အစဉ်အတိုင်း လိုက်ရိုက်သွားရတယ်။ အဲဒီတော့ ပင်ထောင်တွေ စာရင်း အတိအကျ ထွက်လာတယ် စာရင်းတစ်က ၇ပေ၆လက်မ သစ်အမျိုးအစားက ကျွန်းပေါ့ဗျာ၊ နောက် ပင်ထောင် ၂ ရောက်တော့ သစ်အမျိုးအစား အင်ကြင်းဖြစ်မယ်လုံးပတ်က ၃ပေ ဖြစ်မယ် စသည်ဖြင့်ပေါ့ သူ့အတိုင်းအထွာ သစ်အမျိုးအစား အကုန်လုံး ထွက်လာပြီးတဲ့ နောက်မှာ သူ့အညွှန်းလေးတွေပါ ပါသေးတယ်။  တစ်ပြီးရင်၂ က မျှားလေးနဲ့ ဘယ်ဖက်မှာ ရှိတယ်ဆိုပြီးတော့ပေါ့ ရေးထားတယ် ရှာရ လွယ်တာပေါ့ သုံးမြှောင့်အချွန်းလေးတွေနဲ့ တောထဲမှာ အမှတ်အသားလုပ်ပြီးတော့ ညွှန်းတာပေါ့။ အရာရှိတိုင်းမှာ Personal Hammer ဆိုတဲ့ ကိုယ်ပိုင်တံဆိပ်တုံးတူတွေရှိတယ်။ အပြင်အခေါ်ကတော့ လက်ထောက် မန်နေဂျာ ကျနော်တို့က သစ်အုပ်ကြီးလို့ခေါ်တယ်။ကျနော်တို့ ခေတ်တုံးက ၃၂၀ စကေး ပေါ့ဗျာ အရာရှိတော့ အရာရှိပေါ့ ပြန်တန်းဝင်မဟုတ်ဘူး။ သူ့မှာလဲ Personal Hammer ရှိတယ် အထက်အရာရှိကတော့ ဒုတိယမန်နေဂျာပေါ့ ဒုတိယမန်နေဂျာမှာလဲ Personal Hammer ရှိတယ်။ ခရိုင်ကြီးတခုလုံးကို အုပ်ချုပ်တာကတော့ မန်နေဂျာဆိုပြီး တယောက်ပဲရှိတယ်။ စစ်တပ်မှာ ဆိုရင်တော့ တိုင်းမှူးပေါ့ဗျာ ဒုမန်နေဂျာတွေကတော့ တပ်ရင်းမှူးတွေ လောက်ပေါ့၊ နောက်တပ်ခွဲမှူးတွေပေါ့ဗျာ နောက်အောက်က ဆင်သမားတို့ ကျွဲသမားတို့ သစ်ခုတ် သမားတို့က တပ်သားတွေပေါ့ဗျာ။ အဲသည်လိုဖွဲ့စည်းထားတာ အင်္ဂလိပ်ခေတ်ထဲက အရာရှိတယောက်ကို ကိုယ်ရေးကိုယ်တာခိုင်းဖို့  ပြုစုကျွေးမွေးဖို့လူ တယောက်ပေးထားတယ်။ တောလိုက်ရုံး လုလင်လို့ခေါ်တယ်။ စစ်တပ်မှာလည်းရှိပါတယ်  best man လားဘာလားပေါ့။ တောတက်ရင်အိပ်ယာလိပ်ရယ် ထမင်းဟင်းချက်တာကိုတာဝန်ယူရတယ်။ သွားတဲ့နေရာရောက်ရင်သူက အိပ်ယာခင်းမယ် ချက်မယ်ပြုတ်မယ် နောက်စားသောက်ဖို့ ပြင်ဆင်ပေးမယ် ပေါ့ဗျာ။ ခြင်ထောင်ထောင်ပေးမယ် အဲဒီတာဝန်ယူရတယ်။ ကိုယ်ကအလုပ်ပြီးရင် စားသောက်ပြီး အိပ်ယုံပဲ သူကကိုယ်နဲ့အမြဲမကွာ လိုက်နေရတယ်။ attached လုပ်ထားတာပေါ့ဗျာ။ ကျနော့်မှာ မောင်ချောဆိုတာ ပါတယ်။ သူက ယောသားလေးဗျ။ ရှိတာနဲ့သူတို့က စားကောင်းအောင် ချက်တတ်တယ်။ ခရမ်းချဉ်သီးတလုံးနဲ့ ဂေါ်ဖီလေးရှိရင်လည်း ချက်တာပဲ။ ဒီကလေးတွေက ထမင်းချက်ရုံတက်မက အခြားအလုပ်တွေလည်း လုပ်ရပါတယ်။ သူတို့ကို အရမ်းတမ်းတပြီး ပြန်လိုချင်တယ်ဗျာ။ သူတို့က အဖေကလည်း ချက်လာတာ အဖိုးကလည်း ချက်လာတာ သားစဉ်မြေးဆက် ဒီအလုပ်ကို လုပ်လာတော့ ရှိတာနဲ့ စားကောင်းအောင် ချက်တတ်တယ်ဗျ။ အင်္ဂလိပ်လက်ထက် အစဉ်အဆက် တတ်လာတာဆိုတော့ ဘာမှအထူး ပြောစရာ မလိုဘူး။ အကုန်တတ်တယ် မြို့ပေါ်ကကလေးတွေနဲ့ တခြားစီပေါ့။

ဆင်အကြောင်းပြန်ပြောရင် ဆင်တွေကလည်း လူတွေလိုပဲ အသက် (၁၈) နှစ် ပြည့်ရင် ဒီဆင်တွေကို ပြန်တန်း အနေနဲ့ ထုတ်ပြီး ဒီဆင်တွေကို နာမည်ပေးထားတယ်။ သူတို့တင်ပါးမှာ နံပါတ်ရိုက်ထားတယ်။ အစိုးရပိုင်ဆင်တိုင်းမှာ နံပါတ်ရှိတယ်။ ဥပမာ ခင်ဝိုင်းတို့ ဘာတို့ပေါ့ ဆင်တကောင်မှာ ဆင်ဝန်ထမ်း နှစ်ယောက် ရှိတယ်။ ဆင်ဦးစီးနဲ့ ပဲ့ချိပ်ဆိုတာ ရှိတယ်။ ဦးစီးက ချွန်းကိုင်ပြီး ဆင်ကို စီးရတယ်။ ပဲချိတ်က လှံကိုင်ပြီး အောက်က လိုက်ရတယ်။ ဆင်ကို ၅၅ နှစ် ပြည့်ရင် ပြန်တန်းထုတ်ပြီး ပင်စင်ပေးလိုက်တယ်။ သာယာဝတီ သစ်တောခရိုင်မှာ ဆင်ဆေးရုံ ဆင်အိုရုံတွေမှာ ထားပြီး တသက်စာ သေတဲ့အထိ မခိုင်းတော့ဘဲ ထားလိုက်တယ်ပေါ့။ သေရင်လည်း ကောင်းမွန်စွာ မီးသဂြိုဟ်ပေးတယ်။

ဆင်တွေမှာလည်း ဆင်ကြံကြံတယ်ဆိုတာရှိတယ်။ တနေ့မှာ (၄) ကြိမ်ကိုယ့်ရဲ့ ဦးစီးကို သတ်ဖို့ကြံတယ်။ တော်ထဲမှာရှိတဲ့ ဆင်ဦးစီး အတော်များများဟာ ဆင်နင်းလို့ ဆင်ထိုးလို့ သေကြတာ များတယ်။ နောက်ဆင်တွေကို အလုပ်များများ ခိုင်းလို့မရဘူး။ သစ်ကွက်ထဲမှာ ဆင်စခန်းတွေရှိတယ်။ အဲဒီဆင်စခန်းတွေမှာ အလုပ်ချိန် ညနေ၄နာရီမှာ ပြီးတယ်ဆိုရင် အဲဒီအချိန်ရောက်ရင် ဆင်တွေကသိတယ် အလုပ်မလုပ်တော့ဘူး ရပ်လိုက်တယ်။ သူတို့က နာရီမရှိပေမဲ့ သိတယ်။ လုပ်နေတာကို ရပ်ပြီးတော့ ဆွဲနေတဲ့ သစ်ကို ထားခဲ့တာပဲ။ ဒါကို ဆင်ဦးစီးက ဇွတ်ခိုင်းရင် ကလန်ကဆန်လုပ်ပြီး ပေါက်သတ်တာတွေ ဖြစ်တတ်တယ်။ ဆင်မှာ မုန်ယိုတယ်ဆိုလည်း ရှိတယ်။ တနှစ်မှာ တရာသီရှိတယ်။ မစိတ်မွှန်ပြီး ဆိုးတာတွေရှိတယ်။ ဟိုင်းဆင်ဆိုတာ အစွယ်တချောင်းထဲ ရှိတယ်၊ ရိုင်းတယ် အလုပ်ချိန်ပို ခိုင်းလို့မရဘူး။ နောက်တခုက ဆိုးတဲ့ဆင်ကို ထိန်းဖို့ အောက်ကနေ လှံကိုင်ကို ထားရတယ်။ ကျနော်တုံးက သရက်ခရိုင်မှာ အစိုးရဆင် ၂၅၄ ကောင်ရှိတယ် ဒီဆင်တွေကို စစ်ဆေးဖို့ ကျနော့ကို ကော်မရှင်ဥက္ကဋ္ဌဆိုပြီး တာဝန်ပေးပြီးတော့ စစ်ဆေးခိုင်းတယ်။ ဒီ ၂၅၄ ကောင်လုံးရှိနေတဲ့ ဆင်ဝိုင်းတွေကို လိုက်ရတာကိုး စုစုပေါင်း တလကျော်ကြာတယ်။ တကယ် ရှိမရှိ အတည်ပြုပေးရတယ်။ ၅ ကောင် ၆ ကောင် တချို့နေရာတွေမှာ ၈ကောင် ဖြစ်နေတာတွေတွေ့ရင် အင်အားက ပိုများနေတာပေါ့။ တချို့နေရာမှာ ၄ကောင်ဆိုရင် အင်အားနည်းနေတယ်ဆိုတော့ စိစစ်ပေးရတာပေါ့။ ကျနော်နဲ့အတူ ဆင်ဆေးကုဆရာရယ် တောအုပ်တို့ တောခေါင်းတို့လည်း ပါပါတယ်။ ပေါက်တို့ ထီးလင်းတို့ ဂန့်ဂေါတို့ ကျောက်ထု၊ ဆော အဲဒီအရပ်ဒေသတွေလည်း ပုံတောင် ပုံညာကြားထဲမှာ ရှိတာပေါ့ဗျာ။ ဆင် ၂၅၀ ရှိတဲ့နေရာမှာ ဆင်ဝိုင်းတွေကို ပြန်ပြီး organized လုပ်ခဲ့ရတယ်။ ကျနော် အသနားဆုံးက အစိုးရဆင်ဝန်ထမ်းတွေပဲ၊ သူတို့အတွက် ဆင်သမားတွေရဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘာအထောက်အကူမှ မရှိဘူး ဘာပညာရေးမှ မရှိဘူး ဘာခံစားခွင့်မှ မရှိဘူး။ ဆင်ဝန်ထမ်းရဲ့သားသမီးတွေဟာ ဒီသံသရာမှာပဲ လည်နေမယ် သူတို့ဘဝတွေဟာ ဘာတိုးတက်မှုမှ မရှိဘူး။ ဆင်တွေနဲ့ပဲ ကြီးရတယ်၊ ဒီဘဝက မထွက်နိုင်ကြဘူး။ ဆင်တွေကို ကျွေးဖို့အတွက် မိုးရာသီ မကျခင်မှာ တဲတွေဆောက်ပြီး ဆန်တို့ မကျီးသီးမှည့်နဲ့ ဆားများများ ကျွေးရတယ်။ ဆိုးတဲ့ဆင်တွေကို ဘိန်းကျွေးရတယ်။ ဆင်ဦးစီးတွေလည်း ဘိန်းစားတွေ ဖြစ်ကုန်တယ်။ ဘိန်းနဲ့ဆိုတော့ မှိန်းသွားတာပေါ့ဗျာ။ မဆိုးတော့ဘူးပေါ့။ ဆင်ကျန်းမာရေးကို အရမ်းဂရု စိုက်ရတယ်။ စာဆိုရှိတယ် ဒုတိယမန်နေဂျာ တယောက်ဆုံးရှုံးတာကို ခံနိုင်ပေမဲ့ ဆင်တကောင်ကို အဆုံးအရှုံး မခံနိုင်ဘူးလို့ ပြောကြတယ်။ ဆင်က ရဖို့ခက်သလို အရွယ်ရောက်ဖို့လည်း ကြာတယ်။ ပြန်အစားထိုးဖို့ မလွယ်ဘူး။

သစ်ထုတ်နည်းက နှစ်မျိုးပဲရှိတယ်။ ပထမဦးဆုံးနည်းက အင်္ဂလိပ်လက်ထက်က သစ်တောက ပင်ထောင်စာရင်း တင်ရတယ်။ အဲဒီနောက် သစ်တောဝန်ထမ်းနဲ့ သစ်ထုတ်မဲ့ နယ်တာဝန်ခံရယ်က ဝင်စစ်ရတယ်။ ကွင်းနင်းစစ်ဆေးတယ်လို့ ခေါ်တယ်။ အဲဒီနောက်ကွင်းနင်း အစီရင်ခံစာ ပေါ်လာတယ်။ သူတို့ဟုတ်ပြီး စာရင်းအရ ထုတ်မယ်ဆိုလို့ရှိရင် သစ်ခုတ်သားတွေ ဒါကသိပြီးပြီ သစ်တောကိုထုတ်ဖို့ လက်ခံလိုက်ပြီ ဆိုတော့ ထွက်လာမယ့်သစ်ကို အဆင့် ၃ မျိုးသတ်မှတ်တယ် input out-turn and arrival ရယ်ဆိုပြီးတော့ရှိတယ် input အဆင့်မှာ သစ်တောခွန် (Royality) ပေးရတယ် နောက်သစ်ပင်ကို အပိုင်း (၃) ပိုင်းရအောင် ခုတ်လှဲတဲ့အတွက် ခုတ်လှဲခ ကုန်ကျငွေ ပေးရတယ်။ တပင်ကို (၁၀) ကျပ် ကျတယ်။ အဲဒါက Stump မှာပဲ ရှိသေးတယ်။ ထုတ်ထားတဲ့သစ်က သစ်ငုတ်ရင်းနားမှာပဲ ရှိနေသေးတယ်။ ဗမာလိုဆိုရင်တော့ “ထုတ်၊ ထွက်၊ ရောက်” ပေါ့။ ထုတ်ဆိုတာက ခုတ်လှဲတာ၊ ထွက်ဆိုတာက သစ်ကွက်အပြင် ရောက်အောင်ပို့တာ၊ ရောက်ဆိုတာက သတ်မှတ်တဲ့နေရာကို ရောက်တာပေါ့။ သစ်ဆိပ်တို့ ကားဆိပ်တို့နေရာကို ရောက်အောင်ပို့တာပေါ့။

ပထမသစ်ပင်ကိုလှဲတယ်။ အများအားဖြင့် သုံးပိုင်း ရတယ်။ အဲဒီမှာ ကိုင်းဖျား ကိုင်းနား ဆိုတာရှိတယ်။ အဲဒီကိုင်းဖျားကိုင်းနားတွေက ကျနော်တို့ထုတ်တဲ့ သစ်ပင်တွေနားမှာပဲ ကျန်ရစ်ခဲ့တယ်။ နောက်ဆွေးမြေ့သွားကြတယ်ပေါ့။ သစ်တောရဲ့ သဘာဝ မြေသြဇာဖြစ်သွားတာပေါ့။ 

ဆိုရှယ်လစ်စနစ်မှာ တခုဆိုးသွားတာက တပေလျော့လိုက်တဲ့အတွက် ရင်စို့လုံးပတ်ကို တပေလျော့ လိုက်တဲ့အတွက် ၆ ပေ ၆ လက္မနဲ့ ထုတ်လို့ရတယ်ဆိုတော့ ထုတ်လို့ရတဲ့ သစ်တွေပိုများ လာတာပေါ့ဗျာ။ ဒီလိုတပေလျော့ပြီး ထုတ်ခွင့်ပေးတာကို ဆရာကြီး ဦးကျော်ခင် စကားနဲ့ပြောရရင် နောက်လာမဲ့ နောင်လာနောက်သားတွေဆီကနေ ၁၀နှစ်စာ ချေးသုံးလိုက်တာနဲ့ အတူတူပဲလို့ ပြောခဲ့တယ်။ အဲဒီခေတ်က လူတွေဟာ နောင်ခေတ်လူတွေ သုံးရမဲ့ဟာကို ချေးသုံးလိုက်တာပေါ့ဗျာ။ သာမန်အရပ်သူ အရပ်သားတွေကတော့ ဘာမှမသိလိုက်ဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ သစ်ပင်လုံးပတ်တပေတက်ဖို့ (၁၀) နှစ် စောင့်ရတာကိုးဗျ။ အကြမ်းအားဖြင့် (၁၁) နှစ်လောက်ကြာတယ်။ သစ်ပင်ကို ခုတ်လိုက်ရင် အထဲမှာ အရစ်တွေ တွေ့ရလိမ့်မယ် အင်္ဂလိပ်လို ရိမ်းနင်းလို့ ခေါ်တယ်။ တနှစ်မှာ တရစ်ဖြစ်တယ်။ အဲဒီအရစ်ကို ကြည့်တာနဲ့ အပင်သက်တမ်းကို သိနိုင်တယ်။ နှစ် ၅၀ ရှိပြီး နှစ် ၇၀ရှိပြီ စသဖြင့်ပေါ့။ ဆိုရှယ်လစ်ခေတ်မှာ သမဝါယမ ပေါ်လာတယ်။ ဒီသမဝါယမတွေကို ဒေါက်တာဘိုလေးလက်ထက်မှာ ကိုင်းဖျားကိုင်းနားတွေကို ထုတ်လုပ်ခွင့် ပေးလိုက်တယ်။ ကိုင်းဖျားကိုင်းနားထုတ်ခွင့်ဆိုတာ အင်မတန် မှားယွင်းတဲ့ ပေါ်လစီတခု ဖြစ်သွားတယ်။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ စောစောက ပြောခဲ့သလို သစ်ထုတ်ရင် ကိုင်းဖျားကိုင်းနားတွေကို ဒီအတိုင်းထားခဲ့ပြီး အလဟသဖြစ်မှာထက် လူတွေအတွက် အသုံးပြုခွင့်ရရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာဘူး နိုင်ငံတော်ရဲ့ ဒုတိယစီးပွားရေး အဖွဲ့အစည်းတွေဖြစ်တဲ့ သမဝါယမအဖွဲ့တွေကို ထုတ်ယူခွင့် ပေးလိုက်တယ်။ အရင်တုံးက ကျနော်တို့တောတွေထဲကို ညသန်းခေါင်မှဝင်တယ်။ ဗကပ ရှိတယ်။ ခလရ ၇၁ ရှိတယ်။ ဖျောက်ဆိပ်ဖျောက်ဆိပ်နဲ့ တခါတလေမှ တိုက်ကြတာ။ ဘယ်သူမှမရှိဘူး။ လှည်းတွေ ဘာတွေက တနှစ်မှ တခါလောက် မတ်လမှာ ထင်းခုတ်ခွင့် ရှိတယ်။ အခြား အချိန်လာရင် ဖမ်းခံထိမှာ ရာသီသတ်မှတ်ပြီး တောနေလူထုကို ထုတ်ခွင့်ပေး ထားတာရှိတယ်။ သစ်တောက ကြီးကြပ်ပြီး အိမ်သုံးအတွက် ထုတ်ခွင့် ပေးတယ်။ ကျန်တဲ့အချိန်မှာ ဒီသုံးဖွဲ့ပဲ ရှိတယ်၊ အေးအေး ချမ်းချမ်းပဲ အဖွဲ့နဲ့တဖွဲ့ ပြဿနာ မရှိဘူး။

ဟိုးအင်္ဂလိပ်ခေတ်က စတီးဘရားသားတို့ ဘုံဘေဘားမားတို့ လက်ထက်ထဲက အလုံမှာရှိတဲ့ သစ်လုပ်ငန်းဝင်းကြီးတွေ အကုန်လုံး ဦးပိုင်ကနေ မောင်ပိုင်စီးပြီးတော့ သူကနေ အေရှားဝေါလ်တို့ဘာတို့ကို ဆိပ်ကမ်းတွေဘာတွေ ပေးပစ်လိုက်တာပေါ့။ ပုံစံတွေ ပြောင်းကုန်တာပေါ့။ သစ်လုပ်ငန်းက ဆင်တွေက နောက်ဆုံး စားစရာ သောက်စရာမရှိဘဲ ဖြစ်သွားရတယ်။ နောက်ဆုံး ၂၀၁၉မှာ ပြည်ကို ရောက်တဲ့အခါမှာ ပြည်သစ်ထုတ်ရေးခရိုင်မှာရှိတဲ့ ဆင်တွေဟာ ဘာမှ သစ်ထုတ်စရာမရှိဘဲနဲ့ ဖြစ်တဲ့အတွက် နတ်မှော်သစ်ဆိပ်မှာ ဆင်တွေကို ပြခန်းလေး လုပ်ပြီးတော့ ကျနော်တို့ လင်မယားနှစ်ယောက် ငှက်ပျောတို့ ကြံတို့ ဝယ်ကျွေးခဲ့ရသေးတယ်။ အော် တချိန်တုံးက သစ်ထုတ်လုပ်ရေးမှာ အရေးပေးခံရတဲ့ မင်းမူခဲ့တဲ့ ဆင်တွေဟာ အခုများကျတော့ ဖင်လေးလှုပ်ကပြမှ စားရသောက်ရမဲ့ ဘဝကို ရောက်နေပါလားလို့ သံဝေဂ ရမိတယ်။ ကြံချောင်းလေး တချောင်းရဖို့ ဖင်လိမ်ကွင်း ကပြနေရပါလားပေါ့၊ အင်မတန်စိတ်မကောင်းဖြစ်မိတယ်။  

ကိုင်းဖျား ကိုင်းနား ထုတ်လုပ်ခွင့်က အကြီးအကျယ် ပြဿနာ တက်သွားတယ်။ သမဝါယမက ကိုင်းဖျားကိုင်းနား တင်မဟုတ်ဘူး သစ်တောက မထုတ်သေးတဲ့ အနီးအနားက သစ်ပင်တွေကိုပါ ခုတ်ယူသွားတာ သစ်လုပ်ငန်းက မထုတ်သေးတဲ့ သစ်ကွက်တွေကပါ ထုတ်သွားတာပေါ့ဗျာ တရားမဝင်ဘဲနဲ့ ခုတ်သွားတော့ ပါသွားတာပေါ့။ သမဝါယမဆိုတာကလည်း ပါတီကောင်စီရဲ့ အန်နာဝါသိက တပည့်ဆိုတော့ ဘာအရေးယူမှုမှ မရှိဘူးပေါ့ ဒုတိယဝင်ငွေရရာ ရလမ်းဖြစ်နေတာပေါ့ သူတို့ရဲ့ထောက်ခံမှုနဲ့ လုပ်ကြတာ ဆိုတော့ အမှုအခင်းတွေလဲ အရမ်းဖြစ်ပြီးတော့ အထဲမှာဖြစ်နေကြတာ နောက် ၅ နှစ် ၆ နှစ်ကြာတော့မှ ပယ်ဖျက်ပစ်လိုက်တယ်။ အဲဒီမှာလည်း သစ်တွေ အတော်ကုန်သွားတယ်။ ဆိုရှယ်လစ်စနစ်မှာ ဒီပေါ်လစီ ၂ချက်ကြောင့်သစ်တောကို ထိခိုက်ခဲ့တာပေါ့။

သစ်ပင်တပင်က သစ်တုံး၃ပိုင်း ထွက်လာပြီဆိုတော့ သူတို့ဘယ်လို ထုတ်ယူမလဲပေါ့ မူရင်းကနေပြီးတော့ ထုတ်တဲ့နေရာမှာ နှစ်နည်း ရှိတယ်။ ကျနော်တို့ စအလုပ်ဝင်ပြီး ၁၉၇၆ ခုနှစ် ရောက်တဲ့အထိ သစ်ထုတ်ရေးက တမျိုးပဲ ထုတ်တယ်။ ပင်ထောင်နံပါတ်ရပြီးတဲ့ နောက်မှာ သစ်ပင်ကို သင်းသတ်တယ်ခေါ်တယ်။ သစ်ပင်အခေါက်ကိုရစ်ပြီး ဖြတ်လိုက်တာပေါ့ဗျာ။ သစ်ပင်ကို ရေပို့တဲ့လမ်းကြောင်း ပြတ်ပြီး အပင်ကြီးက သေသွားတာပေါ့။  သစ်ပင်က ထောင်ရက်ကြီး ခြောက်သွားတာ။ သင်းသတ်ပြီး ၃နှစ်ကြာမှ ထုတ်တယ်။ ၃နှစ်၃မိုး ထားတော့မှ အပင်က ထောင်လိုက်ကြီး ခြောက်သွားမှ ထုတ်ရတာ။ သစ်ကွက်ကနေ သစ်ကို ဆင်နဲ့တွန်းချရတာ၊ ချောင်းနေရာရောက်အောင် ပို့ရတာပေါ့။ မိုးတွင်းရောက်ရင် ဒီနေရာဟာ တောင်ကျရေတွေ ဆင်းလာပြီး ချောင်းဖြစ်တယ်ဆိုတာ တောခေါင်းတွေက သိတာပေါ့ဗျာ။ အဲဒီလို နေရာတွေမှာ သစ်ကိုဆင်နဲ့ဆွဲပြီး အောက်ကို ထိုးချရတာ။ သစ်အခေါ်အရ အေဒီ လုပ်တာလို့ ခေါ်တယ်။ ကယ့်ထောက်ပစ်တယ် လို့လည်း ခေါ်တယ်။ စုပုံထားပြီး ပစ်ထားလိုက်တာပေါ့။ မိုးတွင်း မိုးရွာတော့ အဲဒီကနေ ချောင်းအတိုင်း မြောလာပြီး ပဲခူးနားရောက်တော့ စတီးချိန်းကြိုး ကြီးတွေနဲ့တားပြီ ဆယ်ယူရတယ်။ နွေမှာထုတ်တဲ့သစ်က မိုးကျမှထွက်တယ်။ သစ်တုံးတွေမှာ စပုံထားထဲက နဖားတွေ လုပ်ထားတယ် အဲဒီနဖားတွေကို စက်လှေတွေနဲ့ လိုက်ဆည်ပြီး နဖားတွေကို စုချည်ပြီး သစ်ဆိပ်မှာ စုထားရတယ်။ နောက်မှ သစ်စက်တွေ ဘာတွေကို ပို့ရတာပေါ့။ အဲဒါက ရှေးခေတ်ပေါ့။ ထုတ်သလောက် မထွက်ဘူး။ ကျနော်တို့က အလုံး ၁၀၀ ထုတ်ပေမဲ့ အလုံး ၅၀ထွက်ဖို့ မလွယ်ဘူး။ တချို့တွေလည်း ပျောက်သွားတယ်။ တချို့ကလမ်းမှာ ဒိုက်ထိုးပြီး ကျန်တယ်။ ချောင်းရိုးတလျှောက်ကွေ့တွေ ဘာတွေမှာ ညပ်နေရင်ဆင်နဲ့ထိုး ထုတ်ရ တယ်။ တချို့ကတောထဲ တောင်ထဲမှာ ခိုးတာပေါ့ဗျာ တချို့က သစ်လုံးအလိုက် နွားစာခွက်တွေ ဘာတွေ လုပ်တယ်။ ကျနော်တို့ကလဲ ဖမ်းရတယ်။ တချို့ခိုးပြီးလွှစင်တွေဘာတွေခိုးဆွဲပြီးသစ်ခွဲတယ်။ တချို့မြေကြီးထဲမှာ မြှုပ်ထားတာ သတင်းရရင် စူးထိုးပြီး မြေကြီးထဲကို ထိုးကြည့်ရတယ်။ ဆုံးရှံးမှုတွေ ရှိတယ်။ 

သစ်ထွက်တာက ပထမအထက်ဖက်မှာ ကသာတို့ ဘာတို့က ထွက်တယ်။ ဒုတိယက ပျဉ်းမနားမှာ ထွက်တယ်။ တတိယက ပဲခူးရိုးမမှာ ထွက်တယ်။ အရှေ့ဖက်မှာ တောင်ငူ၊ အနောက်ဖက်မှာ ပြည်ကထွက်တယ် ဧရာဝတီရဲ့ အနောက်မှာတော့ ပခုက္ကူနဲ့ သရက် ဒါပဲရှိတယ်။ ဟုမ်းမလင်းတို့ဖက်မှာလဲ ထွက်ပါတယ်။ ချင်းတွင်းမြစ်ကနေ ထုတ်တာရှိတယ်။ အဲဒါတွေ ထုတ်တဲ့အခါ ဟိုးရှေးခေတ်ကတော့ ချောင်းတွေ ကနေမြောချတာပေါ့ ရှေ့မှာလဲ ပြောခဲ့ပါတယ်။ ပြည်ဖက်မှာဆိုရင် သူရဲတန်း သစ်ဆိပ် ကနေသစ်တွေ ဘာတွေဆယ်တာကိုလည်း လုပ်ခဲ့ဖူးပါတယ်။ ဖောင်ဖွဲ့ပြီး မျောရတယ်။ သစ်လုံး ၂၀၀ ကို ဖောင်တခုအနေနဲ့တွဲပြီး မြောရတယ်။ ၆ ဖောင်လောက်ကို မော်တော် တဆွဲနဲ့ ဆွဲယူ သွားတယ်။ သစ်ထုတ်ရေးအပြင် ဖောင်ဖွဲ့ရေးဆိုတဲ့ လုပ်ငန်းကြီးတခု ရှိသေးတယ်။ သစ်ဖောင်တွေက ကသာဖက်ကနေ ဧရာဝတီမြစ် တိုင်းလာတဲ့ဟာတွေကို မန္တလေးကနေ မန်းဖောင်ဖွဲ့ရေးဆိုပြီး ဧဂျင်စီတခုထားပြီး လုပ်တယ်။ နောက်မုံရွာမှာ အခြေစိုက်ပြီး ဟုမ္မလင်းတို့ဖက်ကနေ ချင်းတွင်းမြစ်အတိုင်း မျောလာတဲ့သစ်စတွေကို မုံရွာမှာ ဖောင်ဖွဲ့ရေးဆိုပြီး ရှိတယ်။ အောက်ကို ယောတို့၊ ကျောတို့ ဆောတို့ လောင်းရှည်တို့ကနေ မျောချလာတဲ့ သစ်တွေကို ပခုက္ကူဖောင်ဖွဲ့ရေးဆိုတာ ရှိတယ်။ ပခုက္ကူဖောင်ဖွဲ့ရေး မန်းတို့မုန်းတို့ ချောင်းထဲက ထွက်တဲ့သစ်တွေကို ဖောင်တွဲရတယ်။  အဲဒီကနေ ဆက်ဆင်းလာရင် သရက်တို့ အောင်လံတို့ကို ရောက်တယ်။ အဲဒီမှာဆက်ဆင်းလာရင် ပြည်ဖောင်ဖွဲ့ရေး ဆိုတာရှိတယ်။ သူက သရက်အထိ တက်ကိုင်ရတယ်။  အဲဒီနေရာတွေက ၆ဖောင်ကိုတဆွဲ တွဲပြီး မော်တော်တွေနဲ့ဆွဲပြီး  အလုံဆိပ်ကမ်း ဝင်းကြီးထဲကို ပို့ရတာ။ အဲဒီကိုရောက်တော့မှာ round of sale one, two ဆိုပြီးတော့ နိုင်ငံခြားကို ရောင်းတာအဲဒီ round of sale အလုံသစ်စက် ဝင်းကြီးကလည်း အခုကျတော့ ဦးပိုင်က မောင်ပိုင်စီးလိုက်ပြီ ပေါ့ဗျာ။

၁၉၇၆ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က ၂၄ သန်းချေးပြီး သစ်ထုတ်ဖို့လုပ်တယ်။ တောထဲမှာ ၃ နှစ်စောင့်နေရမဲ့ အစား အခြောက်ထားမဲ့အစား အခုဖြတ်အခု ထုတ်ယူရင်လမ်းမှာ ဆုံးရှုံးမှုတွေမရှိဘူး ကားနဲ့ထုတ်ဖို့လိုတယ် အဲဒီတော့ လမ်းဖောက်စရိတ် ကြီးလာတယ်။ လမ်းဖောက်ရတယ်၊ လမ်းဖောက်စက်ကြီးတွေ ဝယ်ရတယ်။ ဒီအတွက် ကုန်ကျစရိတ်ကြီးတယ်။ ဒါပေမဲ့ တွက်ကြည့်တော့ တွက်ချေ ကိုက်တယ်။ ဂျပန်နိုင်ငံက လမ်းဖောက်စက်ကြီးတွေ၊ သစ်သယ်ကားကြီးတွေ ဝယ်ရတယ်။  D55, D85, D155,  ကရင်သူပုန် နော်လုံးစိန် ရှိတယ်။ သစ်တောဝန်ထောက် ဦးတင်အုံးဆိုတာ ပုဆိုးမပါဘဲ ထွက်ပြေးရဖူးတယ်။ D85A ဆိုတာကြီးက ဇီးကုန်းအရှေ့ဘက် ခရိုင် (၁) မှာ ချောက်ထဲကျသွားတယ် အဲဒါဖို့မြေကို နင်းမိတာကနေ လမ်းဖောက်စက်ကြီး ပြုတ်ကျသွားတယ်။ စက်ကြီးက မီးလောင်သွားတယ်။ အဲဒီနေရာတွေက ဗိုလ်ဇေယျ ကျသွားတဲ့ နေရာနားပေါ့။ အဲဒီစက်ကြီးမျိုးတွေက ရှေ့ကနေ မြေထိုးသွားတယ်။ သစ်သယ်ကားတွေက နောက်ကလိုက်ပေါ့ ဒီလို လမ်းဖောက်ခဲ့ရတယ်။ အဲဒီမှာဖြတ်ပြီးသား သစ်လုံးတွေကို ဂဏန်းလက်မလို ညှပ်မပြီး ကားပေါ်တင်နိုင်တဲ့ Clark loader တွေပါလာတယ်။ ဒီနှစ်ထုတ်ဒီနှစ်ထွက်ပေါ့ဗျာ လမ်းဖောက်တဲ့ စရိတ်ကကြီးတယ်။ လမ်းတွေက ကတ္တရာလမ်းတွေ မဟုတ်တော့ တနှစ်သုံးပြီးရင် နောက်နှစ်သုံးမရတော့ဘူး။ မြေလမ်းတွေဆိုတော့ မိုးတွင်းကျရင်ပျက်ပေါ့၊ နောက်နှစ် ထပ်ဖောက်ပေါ့။ နောက်တခုက လမ်းပေါက်သွားတဲ့အတွက် တောလယ်ခေါင်အထိ လမ်းကပေါက်သွားတယ် ကျေးရွာတွေကလည်း ဝင်ပြီးကျုူံးကြတာပေ့ါဗျာ။ ရွာတွေက လှည်းတွေသုံးတော့ လှည်းလမ်းတွေက ကားသွားလို့ မရအောင် ဖြစ်တယ်။ အဲဒါတွေက side effects တွေပေါ့ဗျာ။ ကျနော်တို့ ထုတ်တဲ့အချိန်က ကျွန်းတတန်ကို ဒေါ်လာ ၃၀၀၀ လောက် ရတယ်။ သစ်လုံးတလုံးက ဒေါ်လာ ၃၀၀၀ နီးပါးရတယ်။ အရမ်းမြတ်တာပေါ့နော်။ ကျွန်းကို အတန်းအစား ၅ မျိုး ခွဲတယ်။ စတားနဲ့ခွဲတယ်၊ one star, two star, three star, four star နောက်ဆုံးက five star(AY) နဲ့ ခွဲတယ် သစ်လုပ်ငန်းဌာနက three star အထက်ကို ပြည်တွင်းမှ သုံးစွဲခွင့်မပြုဘူး။ နိုင်ငံခြား ပို့ဖို့သက်သက်ပဲ။ AY ဆိုတာက အကောင်းဆုံးပဲ။ one star နဲ့ two star ကိုသာ ပြည်တွင်းမှာ သစ်ခွဲရောင်းချခွင့်ရှိတယ်။ three star, four star ဆိုရင် အတော်ကို ကောင်းနေပြီ။ ပြည်တွင်းမှာ အကောင်းစားသုံးခွင့် မရှိဘူး။

ဒီလိုအကောင်းစားတွေကို သစ်လုံးလိုက် အလုံဆိပ်ကမ်းမှာ round log sale လော့အလိုက်ပုံထားပြီး နိုင်ငံခြား ကုမ္ပဏီတွေကို လေလံပစ်ပြီး ရောင်းချတယ်။ ဆိုရှယ်လစ်အစိုးရခေတ်မှာ သစ်လုပ်ငန်းက နိုင်ငံခြားဝင်ငွေကို အများဆုံးရှာပေးတဲ့ အဖွဲ့အစည်းဖြစ်လာတယ်။ သူတို့ဆောင်ပုဒ်က “နိုင်ငံခြားငွေ ရှာဖွေ ကြိုးပန်း သစ်လုပ်ငန်း” တဲ့။ ကျနော်တို့က ဟိုက ဒေါ်လာ ၃၀၀၀ ရပေမဲ့ အစိုးရက သစ်လုပ်ငန်းကို တဒေါ်လာကို ၆ကျပ်နှုန်းနဲ့ပဲပေးတယ်။ ကျနော်တို့မှာ အရင်းရအောင် မနည်း ပြန်လုပ်ရတယ်။ အစိုးရက ဒေါ်လာ ၃၀၀၀ ရပြီး ကျနော်တို့ သစ်လုပ်ငန်းက ၆X၃၀၀၀= ၁၈၀၀၀ (မြန်မာငွေ တသောင်းရှစ်ထောင်ကျပ်) ပဲ ရတယ်။ အော်ပရေးရှင်း ကုန်ကျစရိတ်ကို တွက်ရင် မြတ်တော့ မြတ်တယ်။ နည်းနည်းပဲ မြတ်တယ်။ အစပိုင်း ၄ ကျပ် နည်းနည်းစွန်းရပြီး နောက်မှာ အစိုးရသတ်မှတ်ဈေးနဲ့ပဲရတယ်။ ကျွန်းရယ် သစ်မာရယ်ထဲမှာ နိုင်ငံခြားက အစက သိပ်မဝယ်ဘူး နောက်ပိုင်းမှာ ပိတောက်ရယ်၊ သင်းဝင်ရယ်၊ တမလန်းရယ် အဝယ်လိုက် လူကြိုက်များလာတယ်။ အစက ပိတောက်သားနဲ့ ဆေးတံတွေ ပက်လက်ကုလားထိုင်တွေ လုပ်ကြတယ် ဒီပိတောက်တို့ သင်းဝင်တို့ အင်ကြင်းတို့က သိပ်မာတယ်။ ပိတောက်ပင်မှာ ပွေးတက် နေတာတွေကို လင့်စင်ထိုးပြီး အပင်ပေါ်ကနေ အချပ်လိုက်ဖြတ်ပြီး စားပွဲတွေ လုပ်တယ်၊ သိပ်လှတယ် အကွက်လိုက် ပန်းပွင့်လိုပေါ့။ တမလန်းကို အိမ်လှေကားတွေမှာ ခင်းထားရင် ပွတ်တိုက်လေ ပြောင်လေပေါ့။ နိုင်ငံခြားကလည်း အရမ်းကြိုက်လာတယ်။ အထူးရောင်းတန်းဝင်သစ်အနေနဲ့ ရောင်းလာရတယ်။ ဂန့်ဂေါဖက်မှာ ကလေး-ဂန့်ဂေါ အဲဒီသစ်တွေ ထွက်တယ်။ အဲဒါကြောင့် ဂန့်ဂေါ မြေပေါက် ရွှေပိတောက်ဆိုတဲ့ တတန်ကို ၅၀၀၀ လောက်ရတယ်။ သိပ်များများမထွက်ဘူး။ ကျွန်းထက်ပိုပြီး ဈေးရတယ်။ ဝါးတွေကောင်းရင် ကျွန်းကောင်းတာကို သတိပြုမိတယ်။ ပျဉ်းကတိုးကို တိုင်တွေ ဇလီဖားတွေ လုပ်တယ် သူက သိပ်မာတယ်။ ရခိုင်မှာ သစ်ကြီးဝါးကြီးတွေရှိတယ်။ ကရင်မှာရှိတယ်၊ ရှမ်းပြည်မှာရှိတယ်။

၁၉၈၃ မှာ ယူနီဆက်မှာ အလုပ်ရလို့ ပြောင်းလိုက်တယ် ၁၉၈၉ မှာ နဝတကနိုင်ငံခြားငွေပြတ်နေတဲ့အတွက် ကရင်ပြည်မှာရှိတဲ့ သစ်တွေကို ဗိုက်နာနေတဲ့အတွက် ထိုင်းကဗိုလ်ချုပ် ချာဗာလစ်ကို အောက်ဈေးနဲ့ ထိုးရောင်းတော့ selected felling system ကိုလဲမကျင့်သုံးတော့ ကိုင်းဖျား ကိုင်းနားကအစ အကုန်ယူတယ်။ ၆ပေ ၆လက်မအောက် အကုန်ယူတာပေါ့ဗျာ။ နောင်လာနောက်သားတွေအတွက် မခုတ်ဘဲ ထားခဲ့တဲ့ အသေးကော အကြီးကော အကုန်ခုတ်ယူတာပေါ့ဗျာ။ ကရင်ပြည်နယ်မှာ ဒီသစ်ကွက်ကိုယ်ရရင် အကြီးကို အကြီးဈေးအသေးကို အသေးဈေး အကုန်ရှင်း တာပေ့ါဗျာ။ အပြောင်ရှင်း Clear Felling system လို့ခေါ်တယ်။ ကျနော်တို့ လေယဉ်ပျံပေါ်ကနေ ကြည့်ရင် ဒီသစ်တောကြီးတွေ အကုန်လုံး ပြောင်သလင်းခါသွားတဲ့ဟာ ပထမဆုံး ကြုံတာပဲ။ အရမ်းစိတ်မကောင်းဖြစ်မိတယ်။  ကျနော် ၁၉၉၂လောက်မှာ ထင်တယ်။ ယူနီဆက်ကနေ international staff အနေနဲ့ ကမ္ဘောဒီးယားမှာ တာဝန်ကျတယ် ထိုင်းမှာရှိတဲ့သံရုံးမှာ တနှစ်တခါ သက်တမ်းတိုးရတယ် အဲဒီမှာ ၁၀တန်းတုံးက သူငယ်ချင်းက မြန်မာသံရုံးမှာ လူကြီး ဖြစ်နေတယ်။ စကားမစပ် သစ်ထုတ်တဲ့ ကိစ္စရောက် သွားတယ် သစ်ထုတ်တဲ့အခါ သစ်လုံးတွေကို တနေရာက တနေရာ ရွှေ့တဲ့အခါ မျောစာလိုတယ်။ မျောစာဆိုတာရှိတယ်။ သစ်တုံးကို ဖြတ်ပြီးတာနဲ့ သစ်လုံးထိပ်မှာ နံပါတ်ရိုက်တယ်၊ ဥပမာ သစ်ကွက်နံပါတ် ၇၅ ပေါ့ ပင်ထောင်နံပါတ်က ၉၇၅ ပေါ့။ အဲဒီမှာ ပင်ရင်းက အတုံးလား အလယ်က အတုံးလား အဖျားက အတုံးလား ဆိုတာလည်း သတ်မှတ်ထားတယ်။ အဲဒါကိုလည်း ထပ်ရိုက်ထားတယ်။ personal Hammer ရှိတဲ့သူက သူကိုယ်တိုင် စစ်ထားတာပါဆိုတာကို ထပ်ရိုက်ထားခဲ့တယ်။ ပြီးနောက်မှ ဒါကို လိုက်စစ်တဲ့ ဒုတိယ မန်နေဂျာက ဖြတ်ပိုင်း ပေးရတယ်။ ဖြတ်ပိုင်းပေးတာက အရမ်းအရေးကြီးတယ်။ တန်ဖိုးအများကြီး အတက်အကျ ရှိတယ်။ သစ်တုံးကို ဘယ်နေရာမှာ ဖြတ်ရမလဲ၊ ၁၅ ပေမှာ ဖြတ်မလား ၁၂ ပေမှာ ဖြတ်မလား၊ ကားအရှည်က ဘယ်လောက်လဲ၊ သစ်တုံးအရှည်နဲ့ တင်နိုင်ခြေကို တွက်ရတယ်။ ဒုတိယမန်နေဂျာတွေ ကိုယ်တိုင်က ဖြတ်ပိုင်းပေးရတယ်။ အရမ်းစည်းကမ်းကျတယ် သစ်ကားတစီးကို ညောင်လေးပင်မှာစစ်ရင် ပထမသစ်လုံး ထိပ်ကို ကြည့်တယ်။ ဥပမာ သစ်ကွက်နံပါတ် ၇၅ ဆိုတော့ တောင်ဇာမဏီ သစ်ကွက်ကဆိုတာကို ချက်ချင်း သိတယ်။ နောက်ပင်ထောင်နံပါတ် ၉၇၅ ဆိုတော့ အလယ်ပိုင်းလား အဖျားပိုင်းလား အရင်းပိုင်းလား သိတယ်။ သစ်သယ်တဲ့ မျောစာကို အစိုးရကပဲ ထုတ်ပေးရတယ်။ သစ်လုပ်ငန်းက မျောစာကို ကရင်ပြည်နယ်က ထုတ်ပေးလိုက်တယ်။ ထိုင်းကိုရောက်လာတဲ့သစ်တွေက မျောစာတွေကို ဘန်ကောက်က သံရုံးကို ပို့ပေးရတယ်။ ထိုင်းမှာက သူတို့သစ်တောတွေကို ခုတ်ခွင့်မရှိဘူး။ အခုတ်မခံဘူး။ ဥပဒေနဲ့တင်းကျပ်ထားတယ်။ တကယ်တမ်းက ထိုင်းမှာ ကျွန်းစိုက်ခင်းတွေ အများကြီးရှိတယ်။ ထိုင်းက အခုချိန်ထိ ကျွန်းကို တပင်မှ ထုတ်ခွင့်မပေးသေးဘူး။ မွေးထားသေးတယ်။ အရံထားထားတယ်။ ထိုင်းက သူ့အပင်တွေ ပါလာမှာစိုးလို့ သစ်တွေက မြန်မာနိုင်ငံက ဖြစ်ကြောင်း မြန်သံရုံးကနေ ပြန်ထောက်ခံရတယ်။ မျောစာတွေကို လက်မှတ်ရေးထိုးပေးရတယ်။ ထောက်ခံချက် လက်မှတ်ထိုးပေးရတယ်။ နောက်လက်မှတ်တွေက အတုတွေဖြစ်နေတာကို သူပြန်တွေ့ရတယ်။ သူ့လက်မှတ်က အတုတွေ ဖြစ်နေတယ်။ သူကိုယ်တိုင် အံ့သြနေတယ်။ သူ့လက်မှတ်တွေက အရမ်းတူနေတယ်။ တခုက မြန်မာနိုင်ငံမှာ လက်နဲ့မှတ်တဲ့ register ဆိုတာ ရှိတယ်။ အဝင်အထွက်ကို လက်နဲ့မှတ်တဲ့အခါ ငါတို့မှာ မျောစာအထွက်မှတ်တမ်း တစောင်ချင်းဆီကို သွင်းတာရှိတယ်။ အဲဒါနဲ့တိုက်တော့မှ ဒီကထုတ်ပေးတာတွေက အတုတွေ ဖြစ်နေတယ်။ အဲဒီနည်းနဲ့ပဲ နောက်ဆုံး ပေါ်သွားတယ်။ ဒါပေမဲ့ တောကတော့ ပြောင်သွားပြီပေါ့ဗျာ။ ချာဗာလစ်နဲ့က ဒုတိယအကြိမ် မုဒိန်းကျင့်တာ ခံခဲ့ရတယ်။

တတိယအကြိမ်က နေပြည်တော်ပရောဂျက် ၂၀၂၁ နစကအစိုးရလက်ထက် ကမ္ဘာ့ဘဏ် ပရောဂျက် ၅ခု ကို တာဝန်ကျခဲ့လို့ ဝန်ကြီးဌာနတွေမှာ အဝင်အထွက် လုပ်ရတယ်။ တာဝန်ရှိသူနဲ့ လေယဉ်ပျံပေါ်မှာ စတွေ့ပြီး ဝန်ကြီးဌာနကို အတူသွားကြမယ်ဆိုတော့ လေယဉ်ပျံပေါ်က ကြည့်လိုက်တော့ အရင် တောတွေ ထူထပ်လွန်းတဲ့ ပဲခူးရိုးမကြီးဟာ ကြည့်လိုက်ရင် အင်မတန်နက်တဲ့တောကြီးတွေ ပြောင်သွားတာကို တွေ့ရတယ်။ အတော်စိတ်မကောင်း ဖြစ်မိတယ်။ ကျနော်က ပျဉ်းမနားမှာ တာဝန်ကျတုံးက အဲဒီနေပြည်တော် တည်ဆောက်တဲ့နေရာကို ကျွဲရှင်းလို့ ခေါ်တယ်။ နောက်ဆုံးတာဝန်ကျတာက ရောင်းစက်တွေဆိုတော့ သစ်စက်တွေကော ပါတယ်။ နိုင်ငံပိုင် သစ်စက် (၉) စက် ရှိတယ်။ အငှားသစ်စက် (၁၉) စက်ရှိတယ်ဆိုတော့ စုစုပေါင်း (၂၇) စက် ရှိတယ်။ နောက် သစ်ဆိပ် (၇) ဆိပ် ရှိတယ်။ မြန်မာတပြည်လုံးမှာ ပျဉ်းမနားဒေသဟာ သစ်အထွက်ဆုံးပဲ။ ပျဉ်းမနားက တနိုင်ငံလုံးထွက်တာရဲ့ လေးပုံတပုံ ထွက်တယ်။ ပျဉ်းမနားရဲ့အနောက်ဖက်တောကြီးဟာ ဘယ်လောက်နက်သလဲဆိုရင် ကွန်မြူနစ်တွေ တောခိုတာ ပျဉ်းမနားကနေ စခိုတာ၊ သခင်သန်းထွန်း တောခိုတာ ပျဉ်းမနားကနေ တောခိုတာ ဒီတောကြီးက ဘယ်လောက်ကြီးသလဲဆိုရင် သူ့နောက်မှာ လယ်ဝေးဆိုတာ ရှိတယ်။ လယ်ဝေးအနောက်ကနေ တောင်တွင်းကြီးကို ဖြတ်သွားတဲ့ ရထားလမ်းအတိုင်း မင်းပြင်တို့ ဒလန့်ဂျွန် သစ်ပုတ်ပင် တို့ဆိုရင် သိကြတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကျွန်းသစ်က အဲဒီနေရာက ဒလန့်ဂျွန်၊ မင်းပြင်၊ သစ်ပုတ်ပင်တို့က ထွက်တယ်။ AY အမျိုးအစားတွေ၊ ဒီသစ်တွေကိုခွဲပြီး အလွှာသားလုပ်လိုက်ရင် အထပ်သားသစ်ရုံမှာ ထုတ်တဲ့အခါ ဒီသစ်တွေက အင်္ဂလိပ် ဘုရားရှိခိုးကျောင်း ပုံစံတွေ ထွက်လာတယ် သိပ်လှတယ်လို့ ပြောကြတယ်။ အရမ်းကောင်းတဲ့ သစ်တွေက ပျဉ်းမနားလယ်ဝေးနေရာကပဲ ထွက်တယ်။ တောတွေက အရမ်းနက်တယ်။ ပဲခူးရိုးမနဲ့ အရမ်းကပ်နေတဲ့အတွက် ကွန်မြူနစ်တွေက မိုင်းထောင်တယ်။ ရထားလမ်းပေါ်မှာ ရထားရှေ့ကမိုင်းရှင်းတဲ့ အန်းမတ်ကားတွေက အရင်သွားရတယ်။ သခင်ဇင်တို့ ဗကပကွန်မြူနစ် ဌာနချုပ်တွေ ဘာတွေရှိတဲ့ နေရာပေါ့။ ၁၉၈၃ အထိအောင် အဲဒီလောက်ကြီးတဲ့ တောကြီးတွေ ရှိခဲ့တယ်။ ၂၀၁၅ ခုနှစ် ကျနော် မြန်မာပြည် ပြန်ရောက်တဲ့အချိန်မှာ အဲဒီနေရာမှာ ပဲခူးရိုးမရဲ့အနောက်ဖက်မှာရှိတဲ့ အဲဒီတောကြီးတွေမှာ  လုံးပတ်တပေရှိတဲ့ သစ်ပင်တောင် မရှိတော့ဘူး။ တစ်ပင်မှ မတွေ့တော့ဘူး။ အဲဒီလောက်ထိအောင် မျိုးပြုန်းသွားတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာကို ကျနော် လိုက်စုံစမ်းတော့ နေပြည်တော်ရဲ့ ဗဟိုအချက်ချာကို ကျွဲရှင်းလို့ ခေါ်တယ်။ အစိုးရသစ်စက် ၉ စက်ရှိတော့ ကျနော်က တာဝန်ယူထားတဲ့ သစ်စက်တွေဖြစ်လို့ သွားသွားအိပ်ရတယ် အဲဒီကျွဲရှင်း ဆိုတဲ့နေရာက တကယ့်ရိုးမသစ်ကွက်ကြီးတွေကို လုပ်ပစ်လိုက်တာ ရှင်းပစ်လိုက်တာ ဘယ်လောက် နှမြောစရာ ကောင်းလဲဗျာ။ ဒီသစ်ပင်တွေကို ဘယ်လိုလုပ် ပြန်စိုက်လို့ရမလဲ။ အဆောက်အအုံတွေ ဒီလောက်ကြီးကြီးတွေ ဆောက်ပစ်တာလေ။ တောတွေ လုံးဝပျက်သွားတယ်။ ပိုက်ဆံရှိရင် ဘယ်နားဆောက်ဆောက်ရတယ် ဒီတောကြီးတွေကိုရှင်းပြီး ဆောက်တာကတော့ တောပျောက်သွားပြီး ရာသီဥတုတွေ ဖောက်ပြန်လာတာပေါ့။ တောကိုပြန်စိုက်ဖို့ဆိုတာ နှစ်များစွာ စောင့်ရမှာပါ။ နောက်ပြီး တောရိုင်းတိရိစ္ဆန်တွေ ရှားပါးမျိုးစိတ်တွေ အားလုံးမျိုးတုံးသွားတာလည်း တိုင်းပြည်နစ်နာတာပါပဲ။ ရှင်းရှင်းပြောရင် ပျဉ်းမနားကနေ တောင်တွင်းကြီးကိုတောင် လှမ်းကြည့်ရင် မြင်ရမယ့်သဘောရှိတယ်။ ရန်ကုန်ကနေ နေပြည်တော်အထိ မိုင် ၂၀၂ မိုင်ရှိတယ်။ ဘယ်ဖက်ကိုကြည့်ရင် ညောင်လေးပင်တို့ ဒိုက်ဦးကစပြီး ပဲခူးကျော်တာနဲ့ ဘေးကတောတွေ အကုန်လုံး တောကြီး မျက်မဲတွေဟာ မျက်စိတဆုံ းလိုက်ကြည့် လုံးပတ်တစ်ပေရှိတဲ့ အပင်ဆိုတာ မတွေ့ရတော့ဘူး။ အဲဒါတွေကို ဘယ်ဗိုလ်ချုပ်တွေက ဧက ၅၀၀ တို့ ၁၀၀၀ တို့ အကုန်မျှ ယူလိုက်ကြတာလေ။ ဘာဆိုဘာမှမရှိတော့ဘူး။ ပဲခူးရိုးမကြီး ပျက်သွားတာဟာ နဝတခေတ်မှာ နေပြည်တော်နဲ့ ရန်ကုန်-မန္တလေးလမ်းကြီး ဖောက်လိုက်တာကြောင့်လို့ ပြောနိုင်တယ်။

တတိယအကြိမ် သစ်တောပြုန်းတာ ရှိသေးတယ်။ ၁၉၉၀ မှာ ကျနော် အပြင်ရောက်သွားတယ်။ ၂၀၁၉ နောက်ဆုံးခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ ပြည်ကို ကားနဲ့သွားတယ် ပြည်ကနေ သရက်သစ်ထုတ်ရေးကိုကြည့်ပြီး အဲဒီကနေ ပခုက္ကူကိုသွားတယ် ပခုက္ကူမှာ ကျနော်က ၃နှစ်လောက် လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ အလုပ်အတူတူ လုပ်ခဲ့ဖူးတဲ့သူက သစ်လုပ်ငန်းမှာ လူကြီးဖြစ်နေလို့ ထမင်းလိုက်ကျွေးတယ်။ သူက သူလုပ်ခဲ့ရတဲ့ အကြောင်းကို ပြောပြတယ်။ ပခုက္ကူကနေ ဂန့်ဂေါ်ကို ရထားလမ်း ဖောက်တယ်။ နဝတခေတ်မှာ ဗိုလ်ချုပ်ကြီးစိုးဝင်း ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ အချိန်မှာပေါ့။ တချို့နေရာတွေမှာ လှိုင်ဂူကြီးတွေ ဖောက်ပြီး ဆက်မဖောက်ဘဲ ရပ်ထားခဲ့ရတာတွေ ရှိတယ်။ ရထားလမ်းကြီးဖောက်ဖို့ သူ့ကို တာဝန်ပေးတယ်။ ဇလီဖားတုံးလုပ်ဖို့၊ ဒုထည်နဲ့ သစ်ကို ထုတ်ရတာ ဒုသစ်ဆိုတာက အတွင်းသား ကောင်းကောင်းကို အပြင်အကာတွေ လွှာပြီးမှ ယူရတာ ဇလီဖားတုံး၃ သိန်းကျော် ထုတ်ရတယ်။ ပုံတောင်ပုံညာကသစ်တွေ ဘယ်လောက် ထွက်သွားမလဲ စဉ်းစားကြည့်ရင် သိနိုင်တယ်။ နောက်ဆုံး အဲဒီရထားလမ်းတွေဟာ ဘာမှသုံးမရဘဲ ဖြစ်သွာပေမဲ့ ဒီရထားလမ်း ဖောက်ဖို့အတွက် ခုတ်လှဲခဲ့ရတဲ့သစ်က တန်ချိန်သိန်းနဲ့ချီပြီး ရှိခဲ့သလို သစ်တောလည်း ပြုန်းတီးခဲ့ရတယ်။ ဒီဇလီဖားတုံးတွေလည်း သံလမ်းတွေအောက်မှာ ဒီအတိုင်းရှိပြီး ဆွေးမြေ့သွားခဲ့ရတယ်။

ဗိုလ်ချုပ်ကြီးစိုးဝင်းက ဦးနုလက်ထက်က ပြည်တော်သာစီမံကိန်းဆိုတာ လုပ်ခဲ့တယ်။ လူတယောက် တိုက်တလုံးကားတစီး စီးနိုင်ရမယ်ဆိုတဲ့ စီမံကိန်းပေါ့။ အဲဒါကို အမေရိကန်ကနေ အင်္ဂလိပ်လို ရေးထုတ်ထားတာ ရှိတယ်။ စစ်ကိုင်းကရှေ့နေဦးခင်ဇော်လားဘာလား တယောက်ကို အကူအညီတောင်းပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းက သူ့ကို အင်္ဂလိပ်လို ဘာသာပြန်ခိုင်းပြီး အဲဒါကို အကောင်အထည်ဖော်တာပေါ့။ အဲဒီမှာ တတိယအကြိမ် တောပြုန်းတာပဲ။

ဆိုရှယ်လစ်ခေတ် သစ်တောပြုန်းခြင်း။

၁။ လုံးပတ် ၁-ပေလျော့တာ

၂။ သမဝါယမ -ကိုင်းဖျားကိုင်းနား

နဝတ၊ နအဖခေတ် သစ်တောပြုန်းခြင်း။

၃။ နေပြည်တော်ဆောက်

၄။ ထိုင်း ချောင်ဗာလစ်တို့ထုတ်တာ

၅။ ရန်ကုန်-မန်း အမြန်လမ်း

၆။ ပုဂ္ဂလိကချပေး ဥပမာ တေဇ

၇။ ပခုက္ကူ-ဂန့်ဂေါ ရထားလမ်း ဇလီဖါးတုံး ၃-သိန်း

အခြားအကြောင်းအရာတွေကြောင့်ပါ တောပြုန်း၊ ရာသီဖေါက်ပြန်၊ ရေကြီး၊ မိုးခေါင်တွေ ဖြစ်တာပါ။

သစ်လုပ်ငန်းရုံးရော၊ အင်စတီကျူးရှင်းပါ ပျက်ယွင်းရရှာတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အချက်အလက်များ

ကျဆုံးသူများ

  • 2024 ခုနှစ်၊ မေလ 23 ရက်
  • 25 Views
အမည်။ ဆားဗီယို အဖွဲ့အစည်းအမည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (တပ်ရင်းအမှတ် (၂)) ကျဆုံးရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ၅ လ၊ ၁၃
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 125 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 90 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ တိုက်တွန်းခံခဲ့ရတဲ့ ဝမ္မတူဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယောမန်တို့ ရဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 147 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 83 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 65 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း (၂)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 57 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ ဦးထွန်းအောင်ကျော် ရေးသားထားတဲ့ “ ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်းပါးကို စာရေးသူကိုယ်တိုင်က တင်ဆက်ပေးသွားမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့ ဖက်ဒရယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း(၁) – ရုပ်သံဆောင်းပါး။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 113 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။ ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့