နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံ၏ လက်ရှိအမှန်တရား

ပြည်သူအများစုက မဲပေးရွေးချယ်ခဲ့သော်လည်း အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကြောင့် အစိုးရသစ်ဖွဲ့ရန် ပီတာသည် ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်သည်။

Move Forward ပါတီသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်ရန် ကြိုးပမ်းနေစဉ် ယင်းတို့အဆိုပြုထားသော တော်ဝင်ပြုပြင် ပြောင်းလဲမှုများကို မလုပ်ဆောင်ရန် ဖိအားပေးခံနေရသည်။

ဇွန်လ (၄) ရက် တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့ လိင်တူချစ်သူများနေ့ ဂုဏ်ယူသည့် ချီတက်ပွဲ၌ ပီတာလင်ဂျာရိုနတ်သည် ရောင်စုံရှပ်အင်္ကျီဖြင့် စင်မြင့်ပေါ်တက်ပြီး စကားပြောနေစဉ် သူ့အား ထောက်ခံသူများက အသက် (၄၂) နှစ်အရွယ် နိုင်ငံရေးသမားကို မည်သို့ခေါ်ဆိုရမည်ကို စိတ်ရှုပ်နေကြသည်။ တချို့က “ မစ္စတာ ဝန်ကြီးချုပ်!” ဟုခေါ်ကြပြီး သူ့ သူငယ်ချင်းများက “သူ့ကို ဒီလိုခေါ်နိုင်ဖို့ လိုနေသေးတယ်” ဟု သတိပေးခဲ့ရသည်။ လွန်ခဲ့သောသုံးပတ်ခန့်က ထိုင်းနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် ၎င်း၏ပါတီက ဦးဆောင်ထားသည့်တိုင် ပီတာသည် မဲဆွယ်စည်းရုံးနေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ပုံမှန်ဒီမိုကရေစီနိုင်ငံသာဖြစ်လျှင် ပီတာသည် ဝန်ကြီးချုပ်အဖြစ် ရုံးတက်နေပြီ ဖြစ်သည်။ ၎င်း၏ Move Forward ပါတီသည် မေလ ၁၄ ရက် အထွေထွေ ရွေးကောက်ပွဲတွင် မဲ ၁၄ သန်းနှင့် အမတ်နေရာ ၁၅၁ နေရာ ရရှိခဲ့သည်။ မဟာမိတ်ပါတီများက အနိုင်ရသည့် ထိုင်ခုံများနှင့်အတူ Move Forward ပါတီ၏ လူထုထောက်ခံမှုဒီရေသည် စစ်အုပ်ချုပ်ရေးဖြင့် ကိုးနှစ်ကြာအောင် အုပ်ချုပ်ထားမှုကို အပြင်းအထန် ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ဝန်ကြီးချုပ်ရာထူးအတွက် ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သည့် ရှင်နာဝပ်နှင့် ဓာတ်ပုံရိုက်ရန်အတွက် ပြုံးပြုံးရွှင်ရွှင် ပြုံးပြခဲ့သည်။ သူနှင့် ဆယ်လ်ဖီရိုက်ရန် လူများက တန်းစီနေခြင်းသည် ရှည်လျားပြီး သူ့ပတ်ဝန်းကျင်ရှိ မီဒီယာများကလည်း ယခင်အတိုင်း ထူထပ်စွာဖြင့် ထောက်ခံသူများနှင့် ဝန်းရံလျက်ရှိသည်။ သတင်းထောက်များနှင့် ထောက်ခံသူများက သူဝန်ကြီးချုပ်ရာထူးရမည်ဆိုသည့် ခက်ခဲသော အတည်ပြုချက်ကို သိလိုနေကြသည်။

Move Forward ပါတီ ခေါင်းဆောင် လက်ဝဲဖက် ပီတာလင်ဂျာရွန်ရတ်နှင့် ညာဘက်မှ ဒုတိယမြောက် ဖွေထိုင်းပါတီမှ ဖဲထောင်းထန်းရှင်နာဝပ်တို့သည် အစိုးရဖွဲ့ရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ဇွန်လ ၄ ရက်က ဘန်ကောက်မြို့၌ ပြုလုပ်သည့် PRIDE MONTH ဂုဏ်ပြုချီတက်ပွဲ၌ အတူတကွ တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံ – Ken Kobayashi)

သို့သော် ထိုင်းနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်ထားမှုသည် ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းရန် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်စေရန် ချမှတ်ထားသောကြောင့် ပီတာသည် ၎င်း၏ရုံးခန်းကို ဘန်ကောက်မြို့ အစိုးရအိမ်တော်တွင် ဖွင့်လှစ်မည့်အစား လမ်းများပေါ်တွင်ထွက်၍ ဆွေးနွေးညှိနှိုင်နေရဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၏ ငယ်ရွယ်ပြီး တိုးတက်သော အတိုက်အခံပါတီဖြစ်သော Move Forward ၏ အောင်ပွဲသည် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ရပ်တန့်စေခြင်းမှ ဖောက်ထွက်သည့် မှတ်တိုင်တစ်ခု ဖြစ်သည်။ ဒီမိုကရေစီ တိုးတက် ဖွံ့ဖြိုးရေးသည် Paetongtarn ၏ ဖခင် လူကြိုက်များသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲအနိုင်ရမှုမှ စတင်ခဲ့သည်။ သက်ဆင်၏ ဖွေထိုင်းပါတီသည် ရွေးကောက်ပွဲတိုင်းတွင် အမတ်နေရာအများဆုံး ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ မျက်နှာသာပေးခြင်း ခံခဲ့ရသည်။

သို့သော် ပြီးခဲ့သည့်လက ပီတာ၏ Move Forward ပါတီသည် ထိုင်ခုံ ၁၅၁ နေရာ အနိုင်ရကာ ဒီမိုကရေစီ လိုလားသည့် လှုပ်ရှားမှု၏ အမွေကို ဆက်ခံရရှိခဲ့ပြီး စစ်တပ်ကြီးစိုးနေသည့် လက်ရှိအနေအထားကို အံ့မခန်း အံတုနိုင်ခဲ့သည်။ မေလ ရွေးကောက်ပွဲတွင် စစ်တပ်နှင့် ဆက်စပ် ပါတီများသည် ထိုင်ခုံနေရာ ၂၀% အောက်သာ ရရှိခဲ့ပြီး ၎င်းစစ်ဝတ်စုံဝတ်များ အတွက် သူတို့၏ခေတ်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ကြက်သီးထစရာ ကြုံတွေ့ခဲ့ရသည်။ မေလ ၂၇ ရက်နေ့က Nikkei Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပီတာက ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံတွင် အခြေခံအားဖြင့် မညီမျှမှုများကြောင့် ဖြစ်ပြီး ဆင်းရဲချမ်းသာကွာဟမှုမှာ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၏ အုပ်ချုပ်မှုအောက်တွင် ကျယ်ပြန့်လာသည်ဟု ဆိုသည်။ .

“ ဒီဟာက ကျွန်တော်တို့ စက်ဘီးစီးနည်းကို သင်ယူနေရသလိုပါပဲ၊ ဒီစစ်အုပ်စုကလူတွေဟာ ကျွန်တော်တို့ကို စက်ဘီးပေါ်ကနေ မစီးနိုင်ဘဲ ပြုတ်ကျအောင် တွန်းချဖို့ ကြိုးစားနေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်က တကယ် မတိုးတက်နိုင်ခဲ့ပါဘူး” ဟု ပီတာက Nikkei သို့ ပြောကြားခဲ့သည်။ Move Forward ၏ အဖြေမှာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၊ ဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့် အစိုးရနှင့်ပေါင်းပြီး စီးပွားရေးလက်ဝါးကြီးအုပ်မှုကို ဖြိုခွင်းခြင်းမှ စတင်ကာ အခြေခံဥပဒေဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပရာယွတ် ထိန်းချုပ် ကြိုးကိုင်ထားသော အိမ်စောင့်အစိုးရက အာဏာလွှဲပေးရန် တုံ့ဆိုင်းနေခဲ့သည်။ မေလ နောက်ဆုံးပတ်တွင် ထွက်ခွာရတော့မည့် ဝန်ကြီးချုပ်သည် ပီတာ၏ အာဏာလွှဲပြောင်းယူမည့်အဖွဲ့က ဝန်ကြီးဌာနများမှ အချက်အလက်များ တောင်းဆိုခြင်းကို အပြစ်တင်ဝေဖန်ခဲ့သည်။

“ဒါဟာ မသင့်လျော်တဲ့ကိစ္စပဲ” ဟု ပရာယွတ်က ဆိုသည်။ “လက်ရှိအစိုးရနဲ့ အစိုးရဝန်ထမ်းတွေက လက်ရှိအလုပ်လုပ်နေတုံး ရှိသေးတယ်။ လာမဲ့အနာဂတ်ကာလမှာ ဒါဟာ မင်းတို့အလုပ်ဖြစ်လာမှာပဲ” ဟု သူကဆိုသည်။

ပီတာ၏ညွန့်ပေါင်းပါတီအဖွဲ့အစည်းအနေနှင့် အစိုးရဖွဲ့ရန်အတွက်ကြီးမားသည့် အခက်အခဲ အတားအဆီးများကို ရင်ဆိုင်နေရပြီး အများစု အာဏာလွှဲပြောင်းပေးမှု ဖြစ်လာပါ့မလားဆိုသည့် သံသယရှိနေကြသည်။ ပထမဆုံး သူ့အနေနှင့် ရွေးကောက်ပွဲကော်မရှင်မှ လူဦးရေ၏ ၇၅%က စံချိန်ချိုးမဲပေးခဲ့မှု၏ အသေးစိတ်အချက်အလက်များ မှန်ကန်မှု ရှိမရှိကို ရက် ၆၀ အတွင်း စစ်ဆေးအတည်ပြုပေးရမည်ဖြစ်သည်။

ပီတာ၏ Move Forward ပါတီ၏ အောင်ပွဲအား ပျက်ပြယ်သွားစေရန် အရှိန်အဟုန်ပြင်းပြင်းနှင့် အသေးအဖွဲ နည်းပညာပိုင်းဆိုင်ရာအချို့ကို တွေ့ရှိနိုင်စေမည့် အခွင့်အလမ်းများကို တိုးလာရန် အချိန်ရသည်။ ဒုတိယအနေဖြင့် ပီတာသည် သူ့ကို မဲပေးရန် ဒါဇင်ပေါင်းများစွာသော အထက်လွှတ်တော်အမတ်များကို တွန်းအားပေးဆွဲဆောင်ရမည် ဖြစ်သည်။

စစ်ဘက်ဆိုင်ရာမှ ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များထံမှ လုံလောက်သော မဲများ ရရှိနိုင်မည်ကို သံသယဖြစ်မိကြောင်း ဝါရင့်နိုင်ငံရေးသမားတယောက်က Nikkei သတင်းအား ပြောကြားခဲ့သည်။ နိုင်ငံ၏ အဆုံးစွန်သော အာဏာဖြစ်သည့် ဘုရင် မဟာဝိဇယ လောင်ကွန်းနှင့် နီးစပ်သော အကြီးတန်း နန်းတွင်းအရာရှိတစ်ဦးကလည်း Move Forward အစိုးရ တက်လာရန်စိတ်ကူးမှာ “ရူးသွပ်မှု” သာဖြစ်ပြီး ပရာယွတ် လက်အောက်တွင် အိမ်စောင့်အစိုးရ ကာလသည် ကြာမြင့်မည်ဟု ခန့်မှန်းခဲ့သည်။

“ကျနော့်အနေနဲ့ မစိုးရိမ်သလို သတိလက်လွတ်လည်း မနေပါဘူး” ဟု ပီတာက ရွေးကောက်ပွဲအပြီးနောက် ပြောကြားခဲ့သည်။ “ဒါပေမဲ့ ရွေးကောက်ပွဲမှာ အများစုက ရွေးချယ်လိုက်ခြင်းကို တစုံတယောက်က ရွေးကောက်ပွဲကို ဖျက်သိမ်းရန်အတွက် ကြံစည်နေတာ ဒါမှမဟုတ် လူနည်းစုအစိုးရကို ဖွဲ့စည်းဖို့ လုပ်နေမယ်ဆိုရင်တော့ အရင်းအနှီးတွေ အများကြီးကို ပေးရပါလိမ့်မယ်” ဟု ပီတာက သတိပေးခဲ့သည်။

ထိုင်းနိုင်ငံရဲ့ ကြမ်းတမ်းသောအတိတ်

**********************************

၁၉၂၀ ခုနှစ်များကတည်းက တည်ဆောက်ထားသော ဂျာမန်အနုပညာလက်ရာ Venetian gothic အဆောက်အအုံဖြစ်သော အစိုးရအိမ်တော်ကို ၂၀၁၄ ခုနှစ်ကတည်းက ပရာယွတ်က သိမ်းပိုက်ခဲ့ပြီး သူသည် ၁၉၃၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အကြွင်းမဲ့ဘုရင်စနစ်ကို ဖျက်သိမ်းလိုက်ပြီးနောက် တတိယမြောက် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် ပရာယွတ် သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။ ပရာယွတ်သည် စစ်တပ်မှရေးဆွဲ အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ၂၂ ကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။

သူသည် စစ်တပ်မှ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ထိပ်တန်းအရာရှိများ၏ ရှည်လျားသော စာရင်းထဲတွင် နောက်ဆုံး အာဏာရယူထားသည့် သူဖြစ်သည်။ ၁၉၄၀ ခုနှစ်များနှောင်းပိုင်းမှ ၁၉၇၀ ခုနှစ်များအစောပိုင်းအထိ “ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခြင်းသည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်ရန် အဓိကအရည်အချင်းဖြစ်သည်” ဟု ဘန်ကောက်ဘဏ်၏  အုပ်ချုပ်ရေးမှူးဟောင်း Puey Ungphakorn ၏ ပြောကြားချက်အရ သိရသည်။

ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် စစ်တပ်ကျောထောက်နောက်ခံပြု ရှေးရိုးဝါဒီ ကွန်ဆာဗေးတစ်များအကြားတွင် အာဏာရရှိရေးအတွက် ကြိုးစားရုန်းကန်လှုပ်ရှားမှုများသည် အမြဲတမ်း ပြင်းထန်ခဲ့သည်။ ၁၉၃၂ ခုနှစ်ကတည်းက စစ်တပ်က အာဏာသိမ်းမှု ၁၃ ကြိမ်နှင့် နောက်ထပ် ၉ ကြိမ် ကြိုးပမ်းခဲ့သည်။ ခြွင်းချက်အနည်းငယ်ဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဝန်ကြီးချုပ်တိုင်းသည် ဗိုလ်ချုပ်များသာဖြစ်သည်။ ယခုရာစုနှစ်အတွင်း အငြိမ်းစားဗိုလ်ချုပ်ကြီးနှစ်ဦးပေါင်းပြီး (၁၀) နှစ် ကျော်ကြာ ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံသားများက စစ်တပ်၏ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြဿနာ ဖြစ်နေခြင်းအဖြစ် မြင်ကြသည်။ ထိုင်းနိုင်ငံ၏ နှစ်စဉ် စီးပွားရေး တိုးတက်မှုသည် ၂၀၁၂ ခုနှစ်မှစပြီး ၅ ရာခိုင်နှုန်းအထိ မရောက်သေးဘဲ အိမ်နီးချင်း အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့အောက်တွင် ကျဆင်းသွားခဲ့သည်။

“ ပထမဆုံးအနေနဲ့ ခုနစ်နှစ်မှာ တစ်ကြိမ်လောက်ဖြစ်နေတဲ့ စစ်အာဏာသိမ်းမှု သံသရာကို ချိုးဖျက်ရပ်ဆိုင်းပစ်ရပါမယ်” ဟု ပီတာက Nikkei သို့ ပြောသည်။ “ ရွေးချယ်ခံ နိုင်ငံရေးသမားတွေကို ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ ထိရောက်စွာ လုပ်ဆောင်နိုင်ခွင့်ကို ပြန်ပေးရမယ်။ [မဟုတ်ရင်] စစ်တပ်မှာ အာဏာသိမ်းဖို့ အတွက် ဘာကြောင့်သိမ်းရပါတယ်ဆိုတဲ့ ဆင်ခြေအမြဲရှိတယ်” ဟုပစ်တာကဆိုသည်။

ရှေ့တွင်ချောမွေ့စွာလျှောက်လှမ်းနိုင်သောလမ်းမရှိ

**********************************************

ပီတာအနေနှင့် ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခွင့်မရခင် ရင်ဆိုင်နေရသော အကြီးဆုံးစိန်ခေါ်မှုနှစ်ခုမှာ ၎င်း၏ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ကော်မရှင်၏ စိစစ်မှုနှင့် အဖွဲ့ဝင် ၂၅၀ ပါ ရွေးကောက်ခံမဟုတ်သော အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ရရှိနိုင်ဖို့ပင် ဖြစ်သည်။ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်များသည် အနည်းဆုံးထောက်ခံမဲ ၃၇၆ မဲဖြစ်သည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် အများစုတို့၏ ထောက်ခံမှုကို ရရှိနိုင်ရမည် ဖြစ်သည်။ Move Forward ၏ ညွန့်ပေါင်းအဖွဲ့သည် အခြားပါတီခုနစ်ခုနှင့် အောက်လွှတ်တော်တွင် ၃၁၂ နေရာ ရရှိနေသည်။ အစိုးရဖွဲ့နိုင်ရန် အထက်လွှတ်တော်အမတ် ၆၄ ယောက်က ထောက်ခံမှု ရရှိဖို့ လိုနေသေးသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံတကာနှင့် ပြည်တွင်းစောင့်ကြည့်လေ့လာသူများက သန့်ရှင်းသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သဘောထား ပေးခဲ့သော်လည်း ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်သည် Move Forward ရရှိသော မဲများကို အထူးတလည် အပိုစစ်ဆေးခြင်းကို ပြုလုပ်လျက်ရှိသည်။ ပီတာသည် ၂၀၁၉ ခုနှစ် ပါလီမန်တွင်အရွေးမခံရမီ ကြေညာရန် ပျက်ကွက်ခဲ့သော ယခုပျက်ပြယ်သွားသော မီဒီယာ ကုမ္ပဏီ ITV ၏ရှယ်ယာများနှင့် ပတ်သက်၍ ပြင်းထန်သောရွေးကောက်ပွဲ ဆိုင်ရာ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်နေရသည်။

ပီတာသည် ၎င်း၏ဖခင်၏ဆန္ဒအရ တရားရုံးမှ ခန့်အပ်ထားသော စီမံခန့်ခွဲသူအဖြစ် အစုရှယ်ယာများကို ၎င်း၏အမည်ဖြင့် ရရှိခဲ့သည်။ ဇွန်လ ၆ ရက်နေ့တွင် “ဆွေမျိုးတစ်ဦးထံ အစုရှယ်ယာများ လွှဲပြောင်းပေးခဲ့ကြောင်း ဘာကြောင့် လွှဲပြောင်းပေးခဲ့ရလဲဆိုတော့ အနာဂတ်မှာ ITV လုပ်ငန်းတွေကို ပြန်လည်ပြီး အစထုတ် စွပ်စွဲမှုတွေနဲ့ ကြိုးပမ်းပြီး ပြဿနာ ရှာလာနိုင်လို့ ဖြစ်ပါတယ်” ဟု ပီတာကဆိုသည်။

ထိုကဲ့သို့သော စွပ်စွဲချက်များသည် ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ အတိုက်အခံတွေအနေနှင့် ရင်းနှီးပြီးသား ဖြစ်ပါသည်။ မကြေညာရသေးသော မီဒီယာရှယ်ယာများကို ပိုင်ဆိုင်ခြင်း၏ အလားတူတိုင်ကြားချက်သည် Future Forward ပါတီ၏ တွဲဖက် တည်ထောင်သူနှင့် ဝန်ကြီးချုပ်လောင်း သန်နာသွန် (Thanathorn Juangroongruangkit) ၏ ပါတီကို ဖျက်သိမ်းခံလိုက်ရပြီး နောက်ပိုင်းတွင် Move Forward ပါတီ ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် Future Forward ပါတီက တတိယနေရာကို ဦးဆောင်ပြီးနောက် သန်နာသွန်သည် နိုင်ငံရေးလောကမှ အရည်အချင်း မပြည့်မှီသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

Future Forward ပါတီ၏ တွဲဖက်တည်ထောင်သူနှင့် ဝန်ကြီးချုပ်လောင်း သန်နာသွန်

သုံးလအကြာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သန်နသွန်မှ ထုတ်ချေးသောငွေကို ချေးငွေအဖြစ်လက်မခံဘဲ တရားမဝင် လှူဒါန်းမှုအဖြစ် ဆုံးဖြတ်ပြီး ပါတီဖျက်သိမ်းခဲ့သည်။ တစ်ရှိန်ထိုး ဆက်တိုက်ဆိုသလိုပင် Future Forward ပါတီ၏ ထိပ်တန်း သုံးဦးဖြစ်သည့် သန်နာသွန်၊ ဥပဒေပညာရှင် ပီယဘတ် (Piyabutr Saengkanokkul) နှင့် ရုပ်သံလွှင့်ဌာန Pannika Wanich တို့ကို ပါတီအမှုဆောင်များ အဖြစ် ၁၀ နှစ်ကြာ နိုင်ငံရေးတွင် ပါဝင်ရွေးချယ်ခံခွင့်ကို ပိတ်ပင်ခြင်းခံခဲ့ရပါသည်။

ပါတီစာရင်းတွင် စတုတ္ထမြောက် ခေါင်းဆောင်တဦးဖြစ်သူ ပီတာသည် သန်နာသွန်၏ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသော အမွေဆက်ခံသူ ဖြစ်လာသည်။ သူသည် ဥပဒေကြောင်းအရ အကြောင်းပြ ဖယ်ရှားထုတ်ပယ်ခြင်းတွင် ပါဝင်နိုင်သည်။ သို့သော် အာဏာရယူရန် ကြီးမားသော အတားအဆီးမှာ အထက်လွှတ်တော်တွင် ဖြစ်သည်။ တော်ဝင်ပြန်တမ်းဝင်အရာရှိ ခန့်အပ်မှုသည် ပွင့်လင်းမြင်သာမှု မရှိသော လျှို့ဝှက် ဆန်းကြယ်သော လုပ်ငန်းစဉ်ဖြင့် ၂၀၁၉ ခုနှစ်တွင် အထက်လွှတ်တော်အမတ်များကို ခန့်အပ်ခဲ့သည်။ ပြန်တမ်းဝင်အရာရှိခန့်အပ်မှု အားလုံး၏ အသေးစိတ် အချက်အလက်များကို ပုံမှန်ထုတ်ပြန်လေ့ရှိသော်လည်း တော်ဝင်ပြန်တမ်းဝင် အရာရှိများအဖြစ် အထက်လွှတ်တော် အမတ်များကို ခန့်အပ်မှုသည် ပွင့်လင်းမြင်သာမှု မရှိသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ခဲ့သည်။ ပီတာသည် ၎င်း၏နောက်တွင် အထက်လွှတ်တော် အမတ် ၂၇ ဦးရှိနေပြီဟု ယုံကြည်ကြောင်း မေလ ၂၇ ရက်နေ့တွင် Nikkei သတင်းအား ပြောကြားခဲ့သည်။

“ သူတို့က ဒိုင်နိုဆောတွေမဟုတ်ဘူး၊ နောက်ပြီး အစုတစုအဖြစ် ဖွဲ့ထားတဲ့ ၂၅၀ အုပ်စုတခု မဟုတ်ဘူး” ဟု ပီတာက ပြောပါသည်။ “ ခင်ဗျား ပီတာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Move Forward ကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ဒါဟာ ထိုင်းနိုင်ငံအတွက် အခြေခံသဘောတူညီမှုကို ရှာဖွေပြီး ထွက်ပေါက် လမ်းကြောင်း တစ်ခုကို ရှာဖွေရန်ပဲဖြစ်တယ်” ဟု ဆိုသည်။

သို့သော် ၂၀၁၉ ခုနှစ်တွင် ဖွေထိုင်းပါတီက အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း ဆီးနိတ်အထက်လွှတ်တော်သည် ပရာယွတ်ကိုသာ တညီတညွတ်တည်း မဲပေးခဲ့သည်။ သို့သော် ယခုတစ်ကြိမ် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် လွှတ်တော်၏ အခန်းကဏ္ဍကို ဆန့်ကျင်သော အထက်လွှတ်တော်အမတ် ၆၄ ဦးက အများစုကထောက်ခံထားသည်ကို လိုက်နာကာ ပီတာကို ထောက်ခံရန် ဆုံးဖြတ်နိုင်သည်။ Nikkei ၏ ခွဲခြမ်းစိတ်ဖြာမှုအရ အဆိုပါ ၆၄ ဦးအနက် ရှစ်ဦးသည် စစ်တပ်မှဖြစ်ပြီး လေးဦးသည် ရဲတပ်ဖွဲ့မှ ဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် နိုင်ငံ့ဝန်ထမ်း ၁၈ ဦး၊ စီးပွားရေးလောကမှ ကိုးဦး၊ သံတမန်ငါးဦး၊ ပညာရှင်ငါးဦးနှင့် တရားစီရင်ရေးမဏ္ဍိုင်မှ လေးဦးတို့ ပါဝင်သည်။

“ အထက်လွှတ်တော်အမတ်တွေဟာ လွန်ခဲ့တဲ့ လေးနှစ်ကလို မစည်းလုံးကြတော့ဘူး” ဟု သာမာဆတ် (Thammasat) တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ပရာဂျက်ခ် ကွန်ကီရတီ (Prajak Kongkirati)က ပြောကြားခဲ့သည်။ “အခု သူတို့ဟာ ပရာယွတ်နဲ့ ပရာဝစ်ကြား ကွဲသွားပြီး တသီးပုဂ္ဂလတွေလည်း ရှိနေပါတယ်” ဟု ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်ကို ရည်ညွှန်းပြီး ရှင်းပြခဲ့သည်။

သို့သော် အထက်လွှတ်တော်၏ လက်မခံသောသတ်မှတ်ချက် အနီရောင်မျဉ်းသည် Move Forward က လက်မှတ်ရေး ထိုးထားသည့် မူဝါဒဖြစ်သည်။ ပါတီသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် မဲဆွယ်စည်းရုံးခဲ့သည်။ ထိုဥပဒေများသည်ဘုရင်နှင့် အခြားတော်ဝင်မိသားစုဝင်များကို ဝေဖန်ခြင်း သို့မဟုတ် အသရေဖျက်ရန်ပြောဆိုမှုသည် ရာဇဝတ်မှုဖြစ်သည်ဟု ဘုရင်နှင့် အခြားမိသားစုဝင် များကိုတဖက်သတ် အကာအကွယ်ပေးထားသည့် ဥပဒေများဖြစ်သည်။ သူတို့သည် စစ်တပ်နှင့်တော်ဝင်မိသားစုအတွက် ဘဏ္ဍာငွေသုံးစွဲမှုကို ပြုပြင်ပြောင်းလဲရန်နှင့် ဘုရင်စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပိုမို ကိုက်ညီမှု ရှိလာစေရန် ကြိုးပမ်းသည့်မူဝါဒဖြစ်သည်။

“Move Forward ကို မဲပေးတဲ့လူတွေက သူတို့ရဲ့ မူဝါဒတွေ အားလုံးကို သဘောတူတာ မဟုတ်ဘူး” ဟု ပါတီကို မဲပေးခဲ့သော်လည်း ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဆိုသည့်အတွက်ကြောင့် ပီတာ၏ ဝန်ကြီးချုပ်ရာထူးကိုမူ မဲပေးရန် မဆုံးဖြတ်ရသေးသည့် အထက်လွှတ်တော် အမတ်တဦးက ပြောသည်။ “ သူတို့ဟာ ထိုင်းရဲ့ဟောင်းနွမ်းနေတဲ့နိုင်ငံရေးကို ငြီးငွေ့နေကြပြီ” ဟု သူကဆိုသည်။

ပီတာ၏ခေါင်းဆောင်အဖြစ်တက်လှမ်းလာရသည့်ခရီး

**************************************************

ငယ်ငယ်ကတည်းက နိုင်ငံရေးဆိုတာ သူ့ကံကြမ္မာဆိုတာ သိတယ်လို့ ပီတာက ပြောပါသည်။ “Tim” ဟု နာမည်ပြောင် ပေးထားပြီး လယ်ယာထွက်ကုန်လုပ်ငန်းလုပ်ကိုင်သည့်မိသားစုက သားနှစ်ယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး ဘန်ကောက်မှာ မွေးဖွားခဲ့ပါသည်။ မိသားစုက ဖခင်ဖြစ်သူကို ဆက်ခံရန် မျှော်လင့်ခဲ့သော်လည်း အသက် ၁၁ နှစ်အရွယ် ပီတာအား နယူးဇီလန်တွင် ပညာသင်ကြားရန် စေလွှတ်ခြင်းဖြင့် ၎င်း၏ နိုင်ငံရေးနိုးကြားမှုကို တွန်းအားပေးခဲ့သည်။ နယူးဇီလန်၏ ကျေးလက်တောရွာတစ်ခုမှာ လုပ်စရာနည်းနည်းပါးပါးနဲ့ အိမ်မှုကိစ္စလုပ်ရင်း သူ့အိမ်ရှင် မေမေက တီဗီမှာ ပါလီမန်စကား စစ်ထိုးပွဲတွေကို ပီတာက ကြည့်ခဲ့ရပြီး “ အဲဒါက ငါ့မှာ အရိုးစွဲလာပြီး ငါ့ရဲ့ တကယ့်မိသားစုထက် ငါ့ကို ပိုပြီး လွှမ်းမိုးခဲ့တယ်” ဟု ရွေးကောက်ပွဲ မတိုင်ခင်မှာ သူက Nikkei ကို ပြောခဲ့သည်။

ပီတာသည် ၁၉၉၀ ခုနှစ်များနှောင်းပိုင်းတွင် သာမာဆတ် တက္ကသိုလ်တွင် ဘဏ္ဍာရေး ပညာရပ် သင်ကြားရန် အိမ်သို့ပြန်လာသောအခါ၊ ထိုင်းနိုင်ငံသည် အာရှဘဏ္ဍာရေး အကျပ်အတည်း၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်ကာ ဝင်ငွေမညီမျှမှုကို အရှိန်မြှင့်ခဲ့သည်။ သာမာဆတ်တက္ကသိုလ်တွင် ၁၉၇၆ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုကို ရဲတပ်ဖွဲ့နှင့် လက်ယာပြည်သူစစ်အဖွဲ့များက တက္ကသိုလ်ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ၏ လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများ၏ အချက်အချာများထဲမှ တစ်ခုဖြစ်သည်။

သာမာဆတ်တက္ကသိုလ်တွင် ၁၉၇၆ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုကို ရဲတပ်ဖွဲ့နှင့် လက်ယာပြည်သူစစ်အဖွဲ့များက တက္ကသိုလ်ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် သေဆုံးခဲ့ရသူများ။

ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် တက္ကသိုလ်သည် တိုးတက်သော စိတ်ကူးစိတ်သန်းများ၏ အဓိကနေရာတစ်ခု ဖြစ်ခဲ့သည်။ “ထိုင်းနိုင်ငံရေးကို စိတ်ဝင်စားလာပြီး ရှုပ်ထွေးမှုတွေ၊ ဒီမိုကရေစီစနစ်မှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍနဲ့ အကြွင်းမဲ့ ဘုရင်စနစ်ကနေ ဒီမိုကရက်တစ် ဘုရင်စနစ်အဖြစ် အသွင်ကူးပြောင်းရေးကိုစပြီး စိတ်ဝင်စားလာခဲ့တယ်” ဟု ပီတာက ဆိုသည်။

အစိုးရအိမ်တော်ရှိ မှတ်စုယူသူအဖြစ် အတိုချုံးပြောရလျှင် ထိုင်းတွင် သာဓကနိုင်ငံရေးနှင့် လက်ဝါးကြီးအုပ်ထားသော စက်မှုလုပ်ငန်းများ၏ အဖြစ်မှန်ကို ဖော်ထုတ်ပြသခဲ့သည်။ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအတွင်း ဟားဗတ်တက္ကသိုလ်တွင် သူ၏ နိုင်ငံရေးအတွေးအခေါ်ကိုတင်ပြမှတ်တမ်းတင်ခဲ့သည်။ “သူရဲ့ ဘွဲ့ရကျောင်း အတန်းဖော် တော်တော်များများဟာ အမေရိကန်သမတအတွက် မိန့်ခွန်းရေးပေးသူ Cody Keenan နဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူဟောင်း Ned Price တို့အပါအဝင် Barack Obama သို့မဟုတ် Joe Biden အတွက် အလုပ်သွား လုပ်ခဲ့ကြပါတယ် ဟု ပီတာက ပြောခဲ့သည်။

“နိုင်ငံရေးဆိုတာ အခြေခံအားဖြင့် ဘယ်သူက ဘယ်အချိန် ဘာရမလဲ ဆိုတာပါပဲ။ ဒါကြောင့် ကော်ပိုရိတ်လော်ဘီ သမားတွေကို ကျောထောက် နောက်ခံပြုထားတဲ့ ပါတီဆိုရင် သူတို့ရဲ့ ကော်ပိုရိတ် လုပ်ငန်းတွေမှာ လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေဘောင် ရှိနေဖို့ ငွေကြေးထောက်ပံ့မှုတွေကို ပေးမယ်ဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်”။

“ဒါပေမဲ့ နိုင်ငံရေးပါတီဟာ သင်ဟာအောက်ခြေလူတန်းစားကို အခြေခံတဲ့နေရာက လာတာဆိုရင် သင်ဟာလူများစု လက်ခံနိုင်တဲ့လူများစုလို လိုအပ်နေတဲ့ ပေါ်လစီကိုချပြီး တင်ပြရမှာပဲဖြစ်တယ်” ဟု ပီတာက ပြောကြားခဲ့သည်။

သူသည် သာနာသွန် နှင့်တွေ့ဆုံသောအခါတွင် ထိုင်းနိုင်ငံတွင်အသစ်ဖြစ်သည့် Grabကို စတင်တည်ထောင်သူ အကြီးအကဲ ဖြစ်ခဲ့သည်။ ၎င်းတို့သည် အလားတူနောက်ခံမှ ဆင်းသက်လာသော်လည်း ၂၀၁၈ ခုနှစ်တွင် သာနာသွန်သည် Piyabutr နှင့် Future Forward ကိုစတင်ရန် ၎င်း၏မိသားစု၏ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီမှ နုတ်ထွက်ခဲ့သည်။

ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းတွင် ပီတာ မိန့်ခွန်းပြောနေစဉ် သာနာသွန်က ပီတာအား သဘောကျသွားပြီး ရက်အနည်းငယ် အကြာတွင် ပီတာအား သာနာသွန်က ပါတီအသစ်တွင် ပါဝင်ရန် ဖိတ်ကြားခံရပြီးနောက် ပီတာသည် နိုင်ငံရေးလောကကို စတင်ဝင် ရောက်ခဲ့သည်။

ဘုရင်နှင့်ပတ်သက်သည့် အတားအဆီး

************************************

မတ်လနှောင်းပိုင်းတွင် သာနာသွန်သည် ပီတာရောက်ရှိလာမှုအတွက် လူစုလူဝေးကို နွေးထွေးစေသည့် ချွံဘူရီပြည်နယ်ရှိ စင်မြင့်ပေါ်တွင် စကားပြောဆိုနေခဲ့သည်။ သူစကားပြောနေစဉ်တွင်၊ ဘုရင်မင်းမြတ် ဆန့်ကျင်ရေး ပုန်ကန်မှုနှင့် ဆက်စပ်နေသည့် Guy Fawkes မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်နှစ်ဦးသည် ဆိုင်းဘုတ်တစ်ခုကိုင်ဆောင်ကာ လှည့်ပတ်သွားခဲ့သည်။ Guy Fawkes မျက်နှာဖုံးများသည် ဘုရင်စနစ်ကို ဆန့်ကျင်သည့် သင်္ကေတ လက္ခဏာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၁၂ ကို ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းအတွက် ထောက်ခံကြောင်းပြသရန် ပန်းရောင်စတစ်ကာများ ကပ်ထားရန် ပရိသတ်အဖွဲ့ဝင်များအား ဖိတ်ကြားထားသည်။

ပီတာသည် သူ၏ပန်းရောင်စတစ်ကာလေးကို ဖျက်သိမ်းခြင်း စာတမ်းအောက်တွင် တန်တာဝမ် (၂၁)နှစ် နှင့် အော်ရာဝမ် (၂၃) နှစ်တို့နှင့် အတူစင်မြင့်ပေါ်တွင် ရပ်ပြခဲ့သည်။ ထိုမိန်းကလး (၂ ) ယောက်သည် မကြာသေးမီက (၅၂) ရက်ကြာ အစာငတ်ခံ ဆန္ဒပြခြင်းကို ရပ်ဆိုင်းခဲ့သူများ ဖြစ်သည်။ သူတို့က ဘုရင်ကိုကာကွယ်သည့် ဥပဒေကို ဝေဖန်မှု စွဲချက်ဖြင့် အာမခံမပေးဘဲ ချုပ်နှောင်ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် ဆန္ဒပြခဲ့ကြသူများ ဖြစ်သည်။  

၂၀၂၀ ခုနှစ်ကတည်းက လူပေါင်း ၂၀၀ ကျော်သည် ဘုရင့်အသရေဖျက်မှု စွဲချက်များနှင့် ရင်ဆိုင်နေရပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရသည်။ မတ်လ ၂၈ ရက်နေ့တွင် ဆန္ဒပြမှုတွင်ပါဝင်သည့်အတွက် ဖမ်းဆီးခံထားရသော ရော့ (Yok) အမည်ရှိ အသက် ၁၅ နှစ်အရွယ် မိန်းကလေး အပါအဝင် အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှုသည် Move Forward ၏ လူငယ် အခြေစိုက် စခန်းအတွက် အဓိက အကြောင်းရင်း ဖြစ်သည်။ ရွေးကောက်ပွဲအပြီး ငါးရက်အကြာတွင် ရော့ ကို တရားရုံးက လွှတ်ပေးရန် အမိန့်ပေးခဲ့သည်။

“ ကျွန်တော်တို့ ဒီစုဝေးပွဲမှာ ရှိနေစဉ် ရော့ကို ပုဒ်မ ၁၁၂ အရ တရားစွဲပြီး ထိန်းသိမ်းထားပါတယ်” ဟု Move Forward ၏ နောက်ဆုံးမဲဆွယ်စည်းရုံးပွဲတွင် ထောက်ခံသူများကို ပီတာက ပြောကြားခဲ့သည်။ “ သူက ငါ့သမီး ပီပင်အသက်ထက် နှစ်ဆပဲကြီးပါသေးတယ်။”

ဘုရင့်အသရေဖျက်မှု စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ရော့ (Yok) အသက် (၁၅) နှစ်

ပီတာနှင့် ၎င်း၏ဇနီးဟောင်း ရုပ်ရှင်မင်းသမီး ချူတီမာ တီးပန်နာတ် (Chutima Teepanart) တို့ အကြား ၇ နှစ်အရွယ် သမီးလေးတဦးရှိသည်။

၂၀၂၀ခုနှစ် တွင် ထောင်နှင့်ချီသော တက္ကသိုလ်ကျောင်းသားများနှင့် အထက်တန်းကျောင်းသားများသည် ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် တရားရုံးများ၏ တားမြစ်ချက်များကို ဖီဆန်ခဲ့ကြပြီး Future Forward ပါတီ ကို ဖျက်သိမ်းခံရခြင်းကို ကန့်ကွက်ခြင်း အပါအဝင် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပရာယွတ်ချန်အိုချာ အစိုးရနုတ်ထွက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

ထိုအချိန်တွင် ပီတာနှင့် အခြား Move Forward လွှတ်တော်အမတ်များသည် ပါလီမန်ကြမ်းပြင်တွင် ဆန္ဒပြသူများကိုယ်စား အတိုက်အခံဟောပြောခဲ့ကြသည်။ ဥပဒေပြုသူများသည် ဥပဒေပြုလွှတ်တော်တွင် ဘုရင်စနစ်အကြောင်း ဆွေးနွေးခြင်းကို မထိတွေ့ရန် တားမြစ်ချက်များကို ပထမဆုံး ချိုးဖျက်ခဲ့သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်အထိ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သော်လည်း အများစုမှာ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားသပိတ် ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာခြင်းကြောင့် အရှိန်အဟုန် ပျောက်ဆုံးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေခွင့်ပြုရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်လိုက်သောအခါတွင် ဆန္ဒပြမှုများသည် လူရာဂဏန်းမျှ အထိကျဆင်းသွားခဲ့ရသည်။

သို့သော် ထိုင်းနိုင်ငံသား အများအပြားသည် ၎င်းတို့၏ အဆုံးစွန်သောဆန္ဒပြပွဲ အဖြစ် မိမိကြိုက်နှစ်သက်သည့် ပါတီကို မဲပုံးတွင် မဲထည့်ခြင်းဖြင့် ပြုလုပ်ပြသရန် ၎င်းတို့၏ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့ကြသည်။ Move Forward သည် ဘန်ကောက်ရှိ ခရိုင် ၃၃ ခုတွင် ၃၂ နေရာအပြင် ဖွေထိုင်းနှင့် ဒီမိုကရက်တစ်ပါတီအတွက် ခံနိုင်ရည်မရှိသော ယခင်စိုးမိုးနယ်မြေများ ဖြစ်သည့် မြောက်၊ အရှေ့မြောက်နှင့် တောင်ဘက်ရှိ ပြည်နယ်လွှတ်တော်နေရာများကို အနိုင်ယူခဲ့သည်။

“အခြားပါတီများမှ ကိုယ်စားလှယ်လောင်းများသည် ပါတီအမှတ်တံဆိပ် သို့မဟုတ် နိုင်ငံရေးမှာ အစိုးရအဆက်ဆက် စိုးမိုးထားနိုင်မှု သို့မဟုတ် မဲဝယ်ယူမှုစွမ်းအား တို့ အပေါ်တွင်သာ အဓိက အားထားနေသောကြောင့် မဲဆန္ဒရှင်များက မကျေမနပ်ဖြစ်နေကြသည်” ဟု သမာဆတ်ပါမောက္ခ ပရာဂျက် (Prajak) က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး လက်ဒါဝမ် တန်တီဗစ်တရာပီတက် (Laddawan Tantivitayapitak) က Open Forum for Democracy Foundation (P-Net) က မဲဆန္ဒရှင်အချို့က ပိုက်ဆံယူခဲ့ပေမယ့် Move Forward ကို မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။ “ဗန်ကောက်မှာ ငါတို့သိတဲ့ ပါတီက ပိုက်ဆံမပေးဘူး ဒါပေမဲ့ ရွေးကောက်ပွဲမှာ နိုင်သွားတယ်” ဟု ဘန်ကောက် ဒေသခံ အမျိုးသမီးတဦးက မေ ၁၇ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

နည်းပါးသောငွေကြေးရင်းအမြစ်ရှိခဲ့ပေမဲ့ Move Forward သည် ပြည်နယ်တစ်ခုစီ၏ မြို့ပြပထမခရိုင်များရှိ ကောလိပ်အရွယ် မဲဆန္ဒရှင်များကို ပစ်မှတ်ထားကာ ခရိုင်များအတွက် မဟာဗျူဟာကို အာရုံစိုက်ပြုလုပ်ခဲ့သည်။ ကျောင်းသားများသည် အိမ်ပြန်ကြပြီး မိဘများကို Move Forward ကို မဲပေးရန် ၎င်းတို့၏ မိဘများကို စည်းရုံးကြသည်။ ဤသို့ဖြင့် ပါတီသည် မိမိအားထောက်ခံသူများ၏ အသက်အရွယ်နှင့် ပထဝီဝင်နယ်မြေအခြေခံများကို တိုးချဲ့ကာ စည်းရုံးလုပ်ဆောင်ခဲ့သည်။

ထောက်ခံသူတဦးမှာ အသက် ၆၀ ဝန်းကျင်ရှိ သူနာပြုဆရာမတဦးဖြစ်သည့် Jamie ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် Future Forward ကို မဲပေးခဲ့ပြီး ဒီမိုကရေစီလိုလားသူ ဖွေထိုင်းပါတီမှ ဒီမိုကရေစီရေး စခန်းခေါင်းဆောင်အဖြစ် လွှဲပြောင်းရယူရန် စိတ်အားထက်သန်သူဟု Nikkei ကို ပြောကြားခဲ့သည်။ “သူတို့နဲ့ လုံးဝသဘောမတူရင်တောင် မင်းမှာ ရွေးစရာ မရှိလို့ ဖွေထိုင်းကို ငါ မဲပေးခဲ့တယ်” ဟု သူမက ဆိုသည်။

၎င်း၏ မူလ Thai Rak Thai ပါတီကို တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းပြီးနောက် သက်ဆင်ရှင်နာဝပ်ထရာက ဖွေထိုင်းပါတီကို တည်ထောင်ခဲ့သည်။ Thai Rak Thai သည် ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် မြို့ပြလူလတ်တန်းစားများနှင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ လယ်သမားများကို စည်းလုံးညီညွတ်စေသော လူကြိုက်များသော မူဝါဒများဖြင့် အနိုင်ယူခဲ့သည်။

ကျေးလက်မဲဆန္ဒရှင်အများစုသည် သက်ဆင်နှင့် ၎င်း၏ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်ထရာတို့ ဝန်ကြီးချုပ် ရာထူးအောက်တွင် စီးပွားရေး သာယာဝပြောမှုကို သစ္စာရှိရှိ ပြန်လည်အမှတ်ရကြပြီး ၎င်းတို့နှစ်ဦးစလုံးသည် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ ကြသည်။

ရွေးကောက်ပွဲ၏ နောက်ဆုံးရက်သတ္တပတ်များတွင် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်၏ ပါလန်ပရာချာရတ်ပါတီနှင့် ညွန့်ပေါင်းအဖွဲ့ သဘောတူညီချက်အတွက် ကောလာဟလများကြောင့် ဖြူထိုင်းအပေါ် လူထုယုံကြည်မှု ထိခိုက်သွားနိုင်သည်။ “ဗိုလ်ချုပ်တွေနဲ့ လုံးဝသဘောတူညီမှု မရှိပါဘူး” ဟု ဖွေထိုင်းဝန်ကြီးချုပ်လောင်း တစ်ဦးဖြစ်သူ Srettha Thavisin က ရွေးကောက်ပွဲ မတိုင်မီ “အာဏာသိမ်းမှုနဲ့ စီးပွားရေးကျဆင်းမှုအတွက် တာဝန်ရှိတဲ့လူတွေနဲ့ ဘာကြောင့် ပူးပေါင်းဆောင်ရွက်ရမှာလဲ” ဟု Nikkei သို့ ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကောလာဟလသည် ဒီမိုကရေစီကို လိုလားသော မဲဆန္ဒရှင်များအား ရှေ့သို့ တွန်းပို့ခဲ့သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ “ လူတွေက Prayuth နဲ့ Prawit ကို အစိုးရကနေ ဖယ်ရှားချင်ကြတယ်” ဟု သာမာဆတ်တက္ကသိုလ်မှ Prajak က ပြောကြားခဲ့သည်။ Move Forward သည် အပြောင်းအလဲကို လိုလားသော ထိုင်းပြည်သူများအတွက် ရိုးရှင်းပြီး ခိုင်မာသော ရပ်တည်ချက်ရှိကြောင်း သက်သေပြခဲ့သည်။

ယခုအခါ တိုးတက်သောလှုပ်ရှားမှုသည် အုပ်ချုပ်မှုနှင့် ၎င်း၏စံနှုန်းများနှင့်ယုံကြည်မှုကို ထိန်းကျောင်းခြင်း ကြားလမ်းဆုံလမ်းခွတွင် ဖြစ်သည်။ အသေအပျောက်တစ်ခုသည် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို ထိလွယ်ရှလွယ် ဖြစ်သော ၎င်း၏ညွန့်ပေါင်းခုနစ်ဖွဲ့နှင့် ချုပ်ဆိုထားသော စာချွန်လွှာတွင် ကျန်ရစ်ခဲ့သော ဘုရင်မင်းမြတ်ဥပဒေများကို ပြင်ဆင်ရန် ရှေ့သို့ရွှေ့ရန် ကတိပြုခြင်းဖြစ်နိုင်သည်။ သို့သော်လည်း ပါလီမန်အသစ်တွင် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ၎င်း၏ပါတီသည် လွှတ်တော်အမတ်များစွာအတွက် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ပီတာက ပြောကြားခဲ့သည်။

ဘုရင်ကို အကာအကွယ်ပေးသည့်ဥပဒေကို ပြင်ဆင်ခြင်းမှ စွန့်လွှတ်လိုက်ခြင်းသည် Move Forward ကို ထောက်ခံမှုကျဆင်းသွားနိုင်သည်။ သူတို့သည် ပီတာကို ပါတီ၏လမ်းကြောင်းအတိုင်းရပ်တည်ရန် ဖိအားပေးထားနိုင်သည်။ မကြာသေးခင်က Move Forward ပါတီက အမတ်နေရာ၂ခု အနိုင်ရရှိခဲ့သည့် ပရာယွတ်နှင့် မိတ်ဖွဲ့ထားသည့် ချပ်ပက်တနာကလာ (Chart Pattana Kla) ပါတီကို ညွန့်ပေါင်းတွင်ပါဝင်ရန်ဖိတ်ခေါ်ထားမှုကို ထောက်ခံသူများက ကန့်ကွက်ကြသဖြင့် ပြန်လည်ရုတ်သိမ်းခဲ့သည်။

“ တောင်းပန်ပါတယ်” ဟု Pita က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါသည်။ “ပါတီက ပါတီဝင်တွေထက် ပိုကြီးပေမယ့် ပါတီထက် ပိုအရေးကြီးတာက ပြည်သူပါပဲ” ဟု ပီတာက ဆိုသည်။

“ကျနော်တို့မှာ ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာကို လေ့လာစမ်းစစ်မှုတွေ ရှိပါတယ်။ အဲဒီလိုအခြေအနေတွေဖြစ်လာခဲ့ရင် ကျနော်တို့မှာ ဗျူဟာအရ ဘယ်လို တုံ့ပြန်မယ်ဆိုတာ ရှိပါတယ်၊ နိုင်ငံရေးအရ မသေချာမရေရာမှုတွေကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေရအောင် သေချာစေဖို့ လုပ်သွားမှာပါ” ဟု ပီတာက မေလနောက်ဆုံးပတ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ခေတ်သစ်ရောင်ခြည်ချိန်ရောက်ပြီလား

************************************

ထောက်ခံသူများကို ပီတာ၏ တောင်းပန်မှုသည် Move Forward အစိုးရကို တားဆီးရန် ကြိုးပမ်းနေသော ပြိုင်ဘက်များအတွက် သတိပေးချက်တစ်ခု ဖြစ်နိုင်သည်။ ခေါင်းဆောင်ပီတာကို ဖြုတ်ချနိုင်သော်လည်း Move Forward ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုကို သတ်၍ ရမည် မဟုတ်ပါ။

ရွေးကောက်ပွဲ စည်းမျဉ်းများအရ ပါတီများသည် ဝန်ကြီးချုပ်အတွက် ကိုယ်စားလှယ်လောင်း သုံးဦးအထိ အမည်စာရင်း တင်သွင်းခွင့် ပြုထားသော်လည်း Move Forward သည် ပီတာကိုသာ အမည်စာရင်း တင်သွင်းခဲ့ပြီး ၎င်းအား အရည်အချင်း မပြည့်မီဟု ဆုံးဖြတ်ပါက အခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော် လက်ရှိအနေအထားအပေါ် လူထု၏မကျေနပ်မှုသည် သာနာသွန်ကို အရည်အချင်းမပြည့်မီဟု ပရာယွတ် ဖွဲ့စည်းပေးထားသည့် ရွေးကော်မှ ဆုံးဖြတ်လိုက်ပြီး Future Forward ပါတီဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

“သူတို့ကို မျိုးဆက်သစ်လူငယ်တွေရဲ့ ထောက်ခံမှု ပိုရလာလိမ့်မယ်” ဟု အမည်မဖော်လိုသူ အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်သူက Nikkei ကို ပြောကြားခဲ့သည်။ “အနာဂတ် ရွေးကောက်ပွဲတွေမှာ Move Forward ဟာ ဒီတစ်ကြိမ် ကျရှုံးရင်တောင်မှ နောက်တစ်ကြိမ် ပြန်ထလာမှာပါ။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ရှေးရိုးစွဲဝါဒီတွေအတွက် ကြီးမားတဲ့ ပြဿနာပါပဲ။” ဟု သူကဆိုသည်။

Move Forward ၏ ပါတီစည်းမျဉ်းများသည် ၎င်း၏ အဓိက ခေါင်းဆောင်များ မပါဘဲ ရှင်သန်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ဖွေထိုင်းပါတီသည် ရှင်နာဝပ်မိသားစု၏ အမှတ်တံဆိပ်မပါဘဲ ထောက်ခံမှုရရှိရန် ရုန်းကန်ရမည့် အခြေအနေဖြစ်သည်။

“ပါတီနိုင်ငံရေးစနစ်မှာ လူပုဂ္ဂိုလ်အရ သစ္စာစောင့်သိရမယ်ဆိုတာ မရှိရဘူး” ဟု Future Forward ၏ ဒုတိယ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သာနာသွန်နှင့်အတူ နိုင်ငံရေးမှ ပိတ်ပင်ခံခဲ့ရသည့် ခွန်သီဒါ ရန်ဂရူကတ် (Kunthida Rungruengkiat) က “အာဏာရှင်ဝါဒ မရှိပါဘူး၊ “ ကျွန်ုပ်တို့ မပါဘဲ မူဝါဒများ ဆက်လက်ရှင်သန် နေမယ်ဆိုတာကို သေချာစေလိုပါတယ်။” ဟု ပြောဆိုခဲ့သည်။

Source: Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စောချစ်သူရဲ့ ငွေလိမ်ဂိုဏ်း ဘုရားသုံးဆူနဲ့ ရနောင်းကိုဆင်းလာပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 58 Views
မြန်မာ့အရေးထိုင်းအတွေး ဒီအပတ်ခေတ်မျက်လုံးရဲ့ မြန်မာ့အရေး ထိုင်းအတွေးကဏ္ဍမှာ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက မြဝတီက စောချစ်သူရဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်ဒုစရိုက်ဂိုဏ်းသားတွေ မြဝတီကနေ
ထိုင်းနိုင်ငံရေး မြန်မာသတင်း

မြန်မာ့အရေး ထိုင်းအတွေး အပိုင်း (၁၃)

  • 2024 ခုနှစ်၊ ဧပြီလ 10 ရက်
  • 60 Views
မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့ကြသလဲ။ ခေတ်မျက်လုံးသတင်းဌာနမှာ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယု အပတ်စဉ်တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အပိုင်း (၁၃)
ထိုင်းနိုင်ငံရေး

ထိုင်းဘုရင်စနစ်ကို ဝေဖန်တဲ့ရှေ့နေ ထောင်ဒဏ် ချမှတ်ခံရ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 94 Views
အာနွန်နမ်ပါသည် ထိုင်းလူ့အခွင့်အရေးရှေ့နေနှင့် တက်ကြွလှုပ်ရှားသူဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး နိုင်ငံ၏တားမြစ်ချက်ကို ချိုးဖောက်သောကြောင့် ထိုင်းနိုင်ငံတွင် ကျော်ကြားသည်။ လူ့အခွင့်အရေး ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ထင်ရှားသော လူ့အခွင့်အရေး ကာကွယ်သူအဖြစ် သတ်မှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင်
ထိုင်းနိုင်ငံရေး မြန်မာသတင်း

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ အာဆီယံလေတပ်ဦးစီးချုပ်များနဲ့တွေ့ဆုံပြီး အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြောဆို။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 83 Views
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များညီလာခံကို တက်ရောက်ခဲ့တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များအား လက်ခံတွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်
Myanmar Politics ထိုင်းနိုင်ငံရေး မြန်မာသတင်း

စစ်ကောင်စီဥက္ကဋ္ဌကို ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် လာရောက်တွေ့ဆုံ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 118 Views
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့တဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC ကို တက်ရောက်ခဲ့တဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Alongkorn Vannarot ဦးဆောင်တဲ့
ထိုင်းနိုင်ငံရေး

Move Forward ပါတီခေါင်းဆောင်ပီတာ ခေါင်းဆောင်ရာထူးမှ နှုတ်ထွက်။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 84 Views
Move Forward ပါတီခေါင်းဆောင်ပီတာက ၎င်း၏နုတ်ထွက်မှုသည် Move Forward ပါတီသည် အတိုက်အခံခေါင်းဆောင်၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်သည့်အမတ်ကို ရွေးချယ်ရန် ခွင့်ပြုမည်ဟု ပီတာမှ ပြောကြားခဲ့ပါသည်။ ပီတာသည် သူ့နေရာကို ဆက်ခံမည် Move Forward ပါတီ
ထိုင်းနိုင်ငံရေး

ထိုင်းဘုရင်မှ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထောင်ဒဏ်ကို တနှစ်အထိ လျော့ချ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 103 Views
ထိုင်းဘုရင်မှ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထောင်ဒဏ်ကို တနှစ်အထိ လျော့ချပေးလိုက်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်၊ ဘန်ကောက်။ ဝန်ကြီးချုပ်ဟောင်း၏ထုတ်ပြန်ချက်တွင် သူ၏အတွေ့အကြုံများက တိုင်းပြည်အတွက် အကျိုးရှိစေရမည်ဟု ဖော်ပြထားသည်။ ထိုင်းဘုရင်က ဘုရင့်လွတ်ငြိမ်းချမ်းသာမိန့်ဖြင့် ထောင် (၈)
ထိုင်းနိုင်ငံရေး

ဖွေထိုင်းက အရှေ့မြောက်ပိုင်းတွင် နေထိုင်သောပြည်သူများအား ကြီးမားသောထောက်ပံ့မှုများနှင့် ပိုမိုကောင်းမွန်သောဘဝများကို ကတိပြုခဲ့သည်။ ကတိအတိုင်း လုပ်ပေးနိုင်ပါ့မလား?

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 99 Views
ထိုင်းဝန်ကြီးချုပ်သစ် ဆာရက်သာသည် ပါတီအတွက် ကတိကဝတ်များနှင့် ပတ်သက်၍ အဓိကရင်ဆိုင်နေရသည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ ခွန်ကန်၊ ထိုင်း။ မေလ ရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဆာရက်သာ သာဗစ်ဆင် (Srettha