စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ် (GTC)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၁၄ရက်နေ့ နေ့လည် ၁နာရီခန့်က မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်(GTC)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Golden Eagel Force-Monywa အပါအဝင် Red Star Front(ကြယ်နီတပ်ဦး)(PLA)၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ God of Monywa PDF နဲ့ တောကျဲကြီးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ကြားတာတော့ ကြားလိုက်တယ်၊ မနေ့ကဖြစ်တယ်ဆိုတာ၊ နောက်မှသေချာသိတာပေါ့။
မြေပြင်မှာတော့ ပြည်ထောင်စုလမ်းနဲ့ စသုံးလုံးထိပ်မှာ စခကားတစ်စီး ခန့်မှန်း ၁၅ယောက်လောက် စစ်ဆေးနေတာတော့ရှိတယ်၊ အဲ့ဒါကတော့ ဖြစ်တဲ့နေ့ နေ့လည် ၃နာရီခွဲလောက်မှာပါ”လို့ မုံရွာမြို့ခံတစ်ဦးက ဆိုပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂိတ်ပေါက်ရှိ စစ်ကောင်စီဖွဲ့ဝင် ၄ဦးအနက် ၃ဦးသည် နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ရဲဘော်များရဲ့ ပြောဆိုချက်နဲ့ အတွင်းပေးသူများရဲ့ ပြောကြားချက်အရ သိရကာ ကျောင်းဝန်းအတွင်းရှိ သုံးထပ်တိုက်ပေါ်မှ ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း Golden Eagel Force-Monywa က ရဲဘော်တစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Era’sEye/Video/CRD