ယခုလအတွင်း ရင်ဆိုင်ကစားရမယ့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝန်ခံပြောဆိုလိုက်ပါတယ်။ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ အပြီး အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး က အာဆင်နယ်ကို ၃ မှတ်အကွာနဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ဧပြီလ ၂၇ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲသာ ရှုံးရင် မိမိတို့ရဲ့မျှော်လင့်ချက်လည်း ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ အာဆင်နယ်ကိုသာ ရှုံးခဲ့ရင် ဒီရာသီက ပြီးဆုံးသလောက်ဖြစ်သွားမှာပါ။ အဲဒီလိုဖြစ်လာဖို့ကလည်း ပွဲတိုင်းကို ကျတော်တို့ အနိုင်ယူဖို့ လိုအပ်ပါတယ်။ အာဆင်နယ်ကလည်း လက်ကျန်ပွဲတွေမှာ တစ်ပွဲမှ အမှတ်လျော့ခံမှာမဟုတ်ပါဘူးလို့ ဂွါဒီယိုလာက ပြောသွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ယခုရာသီပရီးမီးယားလိဂ်လက်ကျန် ၈ ပွဲမှာ မန်စီးတီးအပါအဝင် နယူးကာဆယ်၊ ချဲလ်ဆီး စတဲ့အသင်းတွေနဲ့လည်း ရင်ဆိုင်ဖို့ ရှိနေပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ နီးစပ်နေပြီဖြစ်သလို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း အာဆင်နယ်၊ ချဲလ်ဆီးစတဲ့ ပွဲကြပ်တွေနဲ့ ရင်ဆိုင်ကစားဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ စနေနေ့ညက လက်စတာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ ဟာလန်းက ပင်နယ်တီသွင်းဂိုး တစ်သွင်းယူနိုင်ခဲ့လို့ လီဗာပူးတိုက်စစ်မှူးဆာလက်ရဲ့ တစ်ရာသီသွင်းဂိုး ၃၈ ဂိုးစံချိန်နဲ့ တူညီသွားခဲ့သလို လက်ကျန်ပွဲတွေမှာ အဲဒီစံချိန်ကို ချိုးဖျက်နိုင်ဖွယ်ရှိနေပါတယ်။
Era’sEyes|SportNews