၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။
ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်က မူဆယ်မြို့၊ အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာဘုန်းကြီးကျောင်းထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မူဆယ်မြို့နယ် ၁၀၅မိုင်ရှိ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဇေယျမင်္ဂလာဘုန်းကြီးကျောင်းတိုက်ထဲ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင်ကြီးတစ်ပါး ပေါင်နှစ်ဖက်စလုံးမှာ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ကျောင်းဝင်းထဲက Supercustom ကားတစ်စီး၊ Tiger 4w ကားတစ်စီးနဲ့ Nissan ကားတစ်စီးအပါအဝင် ကျောင်းအဆောက်အဦး (၃)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
အလားတူ ဒီကနေ့ နံနက် (၉)နာရီခန့်ကလည်း စစ်ကောင်စီရဲ့ စခန်းသစ်တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နမ့်ခမ်းမြို့၊ မန်လုံကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။