၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်၊ ခေတ်မျတ်လုံး။
“ ၁၀၂၇ စစ်ဆင်ရေး” ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အလေးအနက်ထား ဂုဏ်ယူကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“ အခုအချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက “ ၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို NUG ကလည်း တသားတည်းရပ်တည်နေတယ်လို့ ဆိုပါတယ်။
စွန့်လွှတ်ပေးဆပ်သွားကြတဲ့ သူရဲကောင်းတွေအားလုံးကို ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ်ဂုဏ်ပြုနေမှာဖြစ်ပြီး စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿမဖြစ်စေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရနိုင်ဖို့ အားထုတ်နေမှာဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဖျားယောင်းမှုမှာ မှိုင်းမိရုန်းကန်နေရတဲ့ ရဲဘော်ရဲဘက်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေအနေနဲ့ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းနဲ့ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct(CoC)ကို အထူးကြပ်မတ်ကြီး လိုက်နာကြဖို့ ယာယီသမ္မတရဲ့ သတိပေးပြောဆိုထားချက်အရ သိရပါတယ်။