ကျွန်မဟာ ထရန့်ရဲ့ အရင်းနှီးဆုံး အကြံပေးတစ်ဦး ဖြစ်ပါတယ်။ ထရန့်မိသားစုက ကျွန်မ မိသားစု ဖြစ်လာတယ်။ အီစတာပွဲ၊ ကျေးဇူးတော်နေ့နဲ့ နှစ်သစ်ကို ထရန့်ရဲ့အိမ် မာအေလာဂို (Mar-a- Lago) မှာ ကျမတို့ အတူတူ ကုန်ဆုံးခဲ့ပါတယ်။ ရိုက်ကူးနေတဲ့ ကင်မရာကိုပိတ်လိုက်ချိန် တံခါးနောက်ကွယ်မှာ သူ့ကိုလာတွေ့တဲ့ သူ့ထောက်ခံသူတွေကို ထရန့်က လှောင်ပြောင်ခဲ့တယ်။ သူတို့ကို မြေအောက်တိုက်ခန်းတွေမှာ နေသူတွေလို့ ခေါ်တယ်။ တစ်ချိန်က ဆေးရုံအရေးပေါ်လူနာခန်း ICU မှာ လူတွေ သေလုမြောပါးဖြစ်နေတဲ့နေရာမှာ ဆေးရုံကို အလည်လာရင်း ကင်မရာတွေက သူ့ကိုမရိုက်လို့ဆိုပြီး စိတ်ဆိုးတယ်။ သူ့မှာ စာနာတဲ့စိတ် မရှိဘူး။ အမှန်တရားအပေါ် သစ္စာမရှိဘူး၊ သူက ကျမကို “စတက်ဖနီ မင်းဘာပြောပြော အဲဒါက အရေးမကြီးဘူး မင်းက လုံလောက်အောင်သာ များများပြော လူတွေက မင်းပြောတာကို ယုံလိမ့်မယ်” ဆိုတာ သူပြောနေကြ စကားပဲဖြစ်တယ်။ ဒါပေမယ့် သင်ပြောတဲ့အရာတိုင်းက အရေးပါသလို သင်မပြောတဲ့ အရာကလဲ အရေးပါပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရန့်ဇနီး မဲလ်လင်နာ (Melania) ကို ကျမက ရှင့်အနေနဲ့ တွစ်တာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ အမေရိကန်တိုင်းရဲ့ အခွင့်အရေးဖြစ်ပေမဲ့ တရားဥပဒေမဲ့ သို့မဟုတ် အကြမ်းဖက်မှုအတွက် နေရာမရှိဘူးလို့ ရေးပါလားလို့ ပြောခဲ့တယ် မဲလ်လင်နာက စကားတလုံးပဲ ပြန်ပြောခဲ့တယ် “မလုပ်ဘူး” တဲ့။
ကျမဟာ ထရန့်အစိုးရအဖွဲ့အစည်းရဲ့ အကြီးတန်းအရာရှိတယောက်အနေနဲ့ ပထမဆုံး နှုတ်ထွက်ခဲ့သူတယောက် ဖြစ်လာပါတယ်။ ဒီရူးသွပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်တော့ ကျမအနေနဲ့ မပါဝင်နိုင်တော့ဘူး။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲကို ဘယ်တုန်းကမှ ပါဝင်ပြီး မပြောခဲ့ဖူး။ လိမ်ညာပြီး စင်ပေါ်မတက်ချင်လို့ ရှောင်နေခဲ့တယ်။ အခုတော့ ဒီမိုကရက်တစ် စင်မြင့်ထက်မှာ ကျမ ရပ်နေပြီး ဒီမိုကရက်တွေအတွက် ပညာပေးပြောကြားနေတာက ကျမပါတီထက် တိုင်းပြည်ကို ပိုချစ်လို့ပါ၊ ကာမလာဟဲရစ်က သူမဟာ အမေရိကန်ပြည်သူတွေကို သူ့အနေနဲ့ လေးစားကြောင်း အမှန်အတိုင်းပြောခဲ့ပါတယ်။ ကျမထည့်မယ့်မဲကို ကာမလာရမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။