၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက်
ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရန် ဖြစ်သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ ဤကျဉ်းမြောင်းသော ရေလမ်းကြောင်းသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အစွမ်းထက်ဆုံး လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ယခုအခါ အီရန်သည် ၎င်းကို နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီသော ဝင်ငွေရရှိမည့် အရင်းအမြစ်အဖြစ်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေး အပေါ် ဖိအားပေးနိုင်သည့် အချက်အဖြစ်လည်းကောင်း ပြောင်းလဲရန် ကြိုးပမ်းလာနေပြီ ဖြစ်သည်။
အီရန်သည် တိုက်ခိုက်ခံရပါက ရေလက်ကြားကို ပိတ်ပစ်မည်ဟု ကာလရှည်ကြာ ခြိမ်းခြောက် ခဲ့သော်လည်း၊ ၎င်းတို့က လက်တွေ့လုပ်ဆောင်လိမ့်မည် သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ဤမျှ ထိရောက်စွာ အနှောင့်အယှက်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့သူ နည်းပါးခဲ့သည်။ ထိခိုက်မှု အတိုင်းအတာကြီးမားခြင်းက တီဟီရန်၏ ရည်မှန်းချက်များကို ပိုမိုကျယ်ပြန့် စေခဲ့ပြီး၊ တောင်းဆိုချက်အသစ်များအရ ၎င်းတို့သည် ဤအသာစီးရမှုကို ပိုမိုခိုင်မာသော အရာတစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း သိသာစေသည်။
ကမ္ဘာ့စီးပွားရေးကို ဓားစာခံလုပ်ခြင်း
အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုများ ရပ်တန့် လုနီးပါး ဖြစ်ခဲ့ရပြီး၊ ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို ရိုက်ခတ်ကာ ပါရှန်းပင်လယ်ကွေ့နှင့် ဝေးကွာ သော နိုင်ငံများပင် လောင်စာဆီရရှိရေးအတွက် အရေးပေါ် အစီအမံများ ချမှတ်ခဲ့ရသည်။
“ အီရန်ဟာ သူတို့ရဲ့ ဟော်မုဇ်ဗျူဟာ ဘယ်လောက်အောင်မြင်သွားလဲဆိုတာကို ကြည့်ပြီး သူတို့ကိုယ်တိုင်တောင် အံ့သြနေပုံရပါတယ်၊ ကမ္ဘာ့စီးပွားရေးကို ဓားစာခံလုပ်ဖို့ ဘယ်လောက် ထိ သက်သာပြီး လွယ်ကူလဲဆိုတာ သူတို့ သိသွားကြပြီ” ဟု Bloomberg Economics မှ အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဒီနာအက်ဖန်ဒေရီ (Dina Esfandiary) က ပြောကြား သည်။
ဝါရှင်တန်သည်လည်း ဤအန္တရာယ်ကို သတိပြုမိနေသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက သောကြာနေ့တွင် သတိပေးရာ၌ စစ်ပွဲအပြီး ရင်ဆိုင်ရမည့် စိန်ခေါ်မှုတစ်ခုမှာ ဟော်မုဇ်ရေလက်ကြားတွင် အီရန်က လမ်းအသုံးပြုခ (Toll) ကောက်ခံသည့် စနစ်တစ်ခု တည်ထောင်ရန် ကြိုးပမ်းလာမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ ဒါဟာ တရားမဝင်ရုံတင်မကဘူး၊ လက်ခံနိုင်စရာလည်း မရှိပါဘူး။ ကမ္ဘာကြီးအတွက် အန္တရာယ်ရှိတာမို့ ဒါကို ရင်ဆိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေမှာ အစီအစဉ်ရှိဖို့ အရေးကြီးပါတယ်” ဟု ရူဘီယို က ပြင်သစ်တွင်ပြုလုပ်သော G7 အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် ပြောင်းလဲမှု
အီရန်၏ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကလည်း ၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် ရေလမ်းကြောင်းကို ပိတ်ဆို့ထားနိုင်သည့် အသာစီးရမှုကို “ ဆက်လက် အသုံးချသွားရမည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ယခင်က အမေရိကန်နှင့် ဆွေးနွေးမှုများတွင် အီရန်သည် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှား ပေးရန် နှင့် ငြိမ်းချမ်းသော နျူကလီးယားနည်းပညာဆိုင်ရာ အခွင့်အရေးများအတွက်သာ အဓိကထားခဲ့သော်လည်း၊ ယခုအခါ ဟော်မုဇ်ရေလက်ကြားကိုပါ ထိန်းချုပ်ရန် ကြိုးပမ်း လာခြင်းဖြစ်သည်။ အီရန် လွှတ်တော်အမတ်များသည် ရေလက်ကြားကို အသုံးပြုသည့် သင်္ဘောများထံမှ အခကြေးငွေ ကောက်ခံမည့် ဥပဒေကြမ်းတစ်ရပ်ကို စဉ်းစားနေကြပြီး၊ ၎င်းသည် နိုင်ငံတကာ ရေကြောင်းဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပညာရှင်များက ထောက်ပြနေကြသည်။
စူးအက်တူးမြောင်းနှင့် အပြိုင်ဖြစ်လာနိုင်ခြေ
အကယ်၍ အီရန်သည် ဤအခကြေးငွေကောက်ခံမှုစနစ်ကို အောင်မြင်စွာ တည်ထောင် နိုင်ပါက ရရှိမည့် ဝင်ငွေမှာ အီဂျစ်နိုင်ငံ၏ စူးအက်တူးမြောင်း (Suez Canal) မှ ရရှိသည့် ဝင်ငွေနှင့် တန်းတူဖြစ်လာနိုင်ကြောင်း CNN ၏ တွက်ချက်မှုများအရ သိရသည်။
- ပုံမှန်အားဖြင့် ရေနံစိမ်းစည်ပေါင်း ၂၀ သန်းခန့်သည် ဟော်မုဇ်ရေလက်ကြားကို နေ့စဉ် ဖြတ်သန်းသည်။
- ရေနံတင်သင်္ဘောတစ်စီးလျှင် ဒေါ်လာ ၂ သန်းခန့် ကောက်ခံမည်ဆိုပါက တစ်နေ့လျှင် ဒေါ်လာသန်း ၂၀၊ တစ်လလျှင် ဒေါ်လာ သန်း ၆၀၀ ခန့် ရရှိမည်ဖြစ်သည်။
- သဘာဝဓာတ်ငွေ့ (LNG) များပါ ထည့်တွက်ပါက တစ်လလျှင် ဒေါ်လာ သန်း ၈၀၀ ကျော်အထိ ရရှိနိုင်ပြီး၊ ၎င်းမှာ အီရန်၏ ၂၀၂၄ ခုနှစ် ရေနံတင်ပို့မှုမှ ရရှိသော လစဉ်ဝင်ငွေ၏ ၁၅% မှ ၂၀% ခန့်နှင့် ညီမျှနေသည်။
လက်ရှိတွင် မည်သည့်နိုင်ငံ သို့မဟုတ် သင်္ဘောကုမ္ပဏီကမျှ အခကြေးငွေ ပေးဆောင် ရသည်ဟု လူသိရှင်ကြား ဝန်ခံထားခြင်း မရှိသော်လည်း၊ Lloyd’s List ၏ အစီရင်ခံစာအရ အချို့သော သင်္ဘောများသည် အီရန်ကမ်းရိုးတန်းနှင့် နီးကပ်သော ရေလမ်းသစ်တစ်ခုကို အသုံးပြုနေကြပြီး၊ အနည်းဆုံး သင်္ဘောနှစ်စီးမှာ ဘေးကင်းစွာ ဖြတ်သန်းခွင့်အတွက် ငွေပေးချေခဲ့ရကြောင်း သိရသည်။
“ ဒါတွေက တကယ်ဖြစ်ပျက်နေတာပါ။ ဆွေးနွေးပွဲတွေမှာ တိုးတက်မှုမရှိဘူးဆိုရင် ဒီလိုဖြစ်ရပ်တွေ ပိုများလာဖို့ ရှိပါတယ်” ဟု Lloyd’s List ၏ အယ်ဒီတာချုပ် ရစ်ချက်မိတ်(Richard Meade) က ဆိုသည်။

G7 အစည်းအဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ (Brendan Smialowski/Pool/AFP/Getty Images)(ပုံ)

ယခုလအစောပိုင်းက အိုမန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်သင်္ဘောတစ်စင်း ကျောက်ချရပ်နားထားစဉ်။ Elke Scholiers/Getty Images)(ပုံ)

အီဂျစ်နိုင်ငံသည် စူးအက်တူးမြောင်းမှ တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀၀ မှ ၈၀၀ သန်းကြား ရရှိသည်။ Sayed Hassan/Getty Images)(ပုံ)







