ဇန်နဝါရီလ (၂၉) ရက်။
ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃)နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ (၁)ရက်မှာ အပြင်မထွက်နဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းကြဖို့ သပိတ်အင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။
“ ဒီတော်လှန်ရေးက ပြည်သူ့တော်လှန်ရေးပါ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ထောက်ခံပါတယ်ဆိုတာထက် ပိုတဲ့ လက်တွေ့ပူးပေါင်းပါဝင်မှုတွေနဲ့ သက်သေပြရမယ့်အချိန်ပါ” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောဆိုထားပါတယ်။
အခုအချိန်မှာ ပြည်သူအားလုံးပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ဖို့ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှဒ တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့်ဖော်ဆောင်ကြဖို့ မဖြစ်မနေလိုအပ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးကြီး (၃)နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်ကြဖို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အဲ့ဒီနေ့မှာ အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူ စတဲ့ အဖြူရောင်အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလိုဝတ်ဆင်ကြတဲ့ အဖြူရောင်လှုပ်ရှားမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီအဖြူရောင်လှုပ်ရှားမှုဟာ စစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ဆောင်ပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့တွေ အမြန်ဆုံးရပ်တန်းကရပ်ဖို့၊ ပြည်ပရောက် မြန်မာတွေကို ကောက်ခံနေတဲ့ “ သွေးစွန်းအခွန်အခ” တွေ လုံးဝမပေးဖို့နဲ့ စစ်အုပ်စုရဲ့ မြေပြင်တပ်မှူး၊ တပ်သားတွေ အလံဖြူထောင်ကြဖို့ အဓိကရည်ရွယ်တောင်းဆိုတာ ဆိုပါတယ်။
အဖြူရောင်လှုပ်ရှားမှုကို အပတ်စဉ် တနင်္လာနေ့တိုင်း ဖော်ဆောင်သွားကြဖို့နဲ့ နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ ပြင်ဆင်နေကာ ပြည်တွင်းပြည်ပ ဟန်ချက်ညီပူးပေါင်းကြဖို့ ပြောဆိုထားပါတယ်။
ပြည်သူတစ်ရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “ တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။